ဦးဝီရသူ တစ်လအတွင်း လာရောက်အစစ်ဆေးခံရန်နှင့် သွားလာနေထိုင်သည့် နေရာများတွင် တရားရုံးကြေညာချက်များကို လိုက်ကပ်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဦးဝီရသူအမှုမှ ကျန်ရှိသည့် သက်သေသုံးဦးစစ်ဆေးပြီးချိန်တွင် တရားရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝီရသူအမှုနှင့်ပတ်သက်၍ အနောက်ပိုင်း ခရိုင်တရားရုံးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲခံရသူ၏ မျက်ကွယ်တွင် အမှုစစ်ဆေးခဲ့ပြီး အမှုတွင် ပါဝင်သူ သက်သေကိုးဦးအနက် ကျန်ရှိသက်သေသုံးဦးကို ယနေ့တွင် စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် အမှု၌တင်ပြထားသည့် တရားလိုပြသက်သေ ကျောက်တံတားမြို့နယ်မှ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ အမှတ် (၂) ရပ်ကွက်မှ ဆယ်အိမ်မှူးတို့ကို ဆက်လက်စစ်ဆေးခဲ့ပြီး ရုံးတော်သို့ တင်ပြထားသည့် သက်သေကိုးဦးစလုံး စစ်ဆေးပြီးစီးခဲ့သည်။
ဦးဝီရသူ နေထိုင်သွားလာလေ့ရှိသည့် နေရာများတွင် ရာဇဝတ်ကျင့်ထုံး ၈၇/၈၈ အရ တရားရုံးကြေညာချက်များကို လိုက်ကပ်မည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
















