လှည်းကူးမြို့နယ်ရှိ ကေတီဗီဆိုင်တစ်ခုကို အုပ်စုဖွဲ့ မိုက်ကြေးခွဲ ဆက်ကြေးတောင်းသူခြောက်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင် ၉ ရက်တွင် ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် ဒရယ်ဘိုကျေးရွာ ဖောင်ကြီးလမ်းပေါ်၌ ဖွင့်လှစ်ထားသည့် ကေတီဗီဆိုင်မန်နေဂျာ ကိုဆန်းညွှန့်ဦးက ဆိုင်တွင်ရှိနေစဉ် မောင်ထွန်း(ခ) စနေပါ ခြောက်ဦးတို့က ဆိုင်အတွင်းသို့ ဓားရှည်/ ဓားတိုနှင့်လေးခွများကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။
ဆိုင်မန်နေဂျာနှင့် ဆိုင်ပိုင်ရှင်တို့ကို ခေါ်ကာ လူမိုက်ဆက်ကြေးတစ်လလျှင် ကျပ်သုံးသိန်းပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ ကိုဆန်းညွှန့်ဦးက မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။
ထိုသို့ မပေးနိုင်လျှင် ဆိုင်သို့ မကြာခဏလာရောက်ဖျက်ဆီးမည်ဖြစ်ကြောင်း ပြောဆိုကာ ဆိုင်အတွင်းရှိ ဆိုဖာထိုင်ခုံ၊ စားပွဲ ကာရာအိုကေစက်များကို ဓားဖြင့်ခုတ်ဖျက်ဆီးခဲ့ကြသည်။ထို့ကြောင့် ကိုဆန်းညွှန့်ဦးက မလုပ်ရန် တားမြစ်စဉ် မောင်ထွန်း(ခ)စနေက ငှက်ကြီးတောင်ဓားဖြင့်ခုတ်ရာ ယာလက်သုံးချောင်း ပြတ်ဒဏ်ရာရရှိခဲ့သည်။
ဆိုင်အတွင်းသို့ ရဲတပ်ဖွဲ့ဝင်များနှင့် ဆိုင်ဝန်ထမ်းများရောက်လာခဲ့ရာ ရုံးရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆိုင်ဝန်ထမ်း သုံး ဦးတို့တွင် ထိခိုက်ဖူးရောင်ဒဏ်ရာများရရှိခဲ့သည်။ဆိုင်အတွင်းမှပစ္စည်းကျပ်သိန်း ၃၀ ဖိုးခန့်လည်း ပျက်ဆီးဆုံးရှုံးခဲ့သည်။
လှည်းကူးမြို့မရဲစခန်းက(ပ)၁၄၈၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀/၃၂၆/၁၁၄ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ လှည်းကူးမြို့နယ်နေ မောင်ထွန်း(ခ)စနေ (၃၉ နှစ်)၊ချစ်ထွေး(၂၉ နှစ်)၊ မျိုးလေး(၃၉ နှစ်)၊ သက်ဦး(၃၉ နှစ်)၊ သန်းထိုက်(၃၉ နှစ်)နှင့် ဇင်ဘို(၂၆ )နှစ်တို့ကို အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။
















