တရားစွဲခံရသော်လည်း ရှေ့ဆက်သွားမည်ဟု သက္ကမိုးညို ပြော

တရားစွဲခံရသော်လည်း ရှေ့ဆက်သွားမည်ဟု သက္ကမိုးညို ပြော

WISDOM HILL ပုဂ္ဂလိကမူကြိုကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် တစိုက်မတ်မတ်ဝေဖန်ရေးသားမှုများ ပြုလုပ်နေသည့် သက္ကမိုးညို အကောင့်ပိုင်ရှင် (လက်ရှိကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်း) ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၃၄(ဃ)ဖြင့်တရားစွဲဆိုခဲ့ရာ ၎င်းအနေဖြင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း သက္ကမိုးညိုအကောင့်ပိုင်ရှင်က ပြောသည်။

သက္ကမိုးညို၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားဖော်ပြချက်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသောကြောင့် ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က အမှုဖွင့်ခဲ့ပြီးနောက် ၎င်းကိုပျဉ်းမနားမြို့နယ် မြို့မရဲစခန်းသို့ ခေါ်ယူမေးမြန်းမှုအပြီးတွင်  ၎င်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဲဒီတော့ကျွန်တော်ကဘာလုပ်ရမှာတုန်း၊ ကျွန်တော်ကြောက်ပြီးထွက်ပြေးရမှာလား၊ မလုပ်ပါဘူး ကျွန်တော်ဆက်သွားမှာပါ။ဆက်သွားမယ်ဆိုတာက ကျွန်တော်ရေးခဲ့တာမှန်သမျှသည်သက်သေအထောက်အထားပြနိုင်တာတွေကြီးရေးခဲ့တာဆိုတဲ့အတွက်ကြောင့်ရှေ့ဆက်လည်းဒီလိုပဲဆက်သွားမှာပါ''ဟု သက္ကမိုးညိုအကောင့်ပိုင်ရှင်က ပြောသည်။

၄င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်  ဇူလိုင် ၄ ရက်၊ ၅ရက် နှင့် ၆ရက်နေ့များတွင် ရေးသားဖော်ပြချက်များသည် ရဲတပ်ဖွဲ့အပေါ်အများပြည်သူအထင်အမြင်လွဲမှားစေနိုင်သောရေးသားဖော်ပြချက်များပါရှိခြင်းကြောင့် တရားစွဲဆိို ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ စခန်းကိုခေါ်ယူမေးမြန်းချိန်၌ အထက်ဖော်ပြပါအချက်များကိုရေးသားခဲ့ခြင်းရှိမရှိ မေးမြန်း ခဲ့ပြီး ကျပ်သိန်းတစ်ရာအာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

" သိန်းငါးဆယ်တန်ခံဝန်နှစ်ဦးနဲ့ သိန်းတစ်ရာခံဝန်ပေးပြီး လွှတ်ပေးထားပါတယ်။ အာမခံပေးခဲ့ပါတယ်။ အထက်ဌာနရဲ့ ညွှန်ကြားချက်ပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ပေးတာပါ" ဟု ပျဉ်းမနားမြို့မ ရဲစခန်းမှ စခန်းမှူးအောင်နိုင်ဦးက ပြောသည်။

ယင်းရေးသားချက်များတွင် CCTV မှတ်တမ်းများကို ရဲတပ်ဖွဲ့အနေဖြင့် Hard Disk ပါဖြုတ်သိမ်းရမည့်အစား downloadဆွဲခဲ့ခြင်းဖြစ်သည်ဟုရေးသားခြင်းသည်မဟုတ်မှန်ကြောင်း၊သံသယဖြစ်ဖွယ်အချက်အလက်များ ရှိနေသည်ဆိုသည့်ရေးသားဖော်ပြချက်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုစာရေးသင့် ကြောင်းရေးသားဖော်ပြမှုတို့သည် ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

''အမှုကိုဆက်လက်ရင်ဆိုင်သွားမှာပါ။ ကျွန်တော်ပြောခဲ့တာတွေသည်သက်သေအထောက်အထားမရှိဘဲပြောတာမဟုတ်ဘူး။ CCTVကို download ဆွဲယူတယ်ဆိုတာ ကလေးလေးရဲ့အဖေကပြောခဲ့တာရှိတယ်'' ဟု သက္ကမိုးညိုအကောင့်ပိုင်ရှင်က ပြောသည်။

"ဒါကသတင်းလွတ်လပ်ခွင့်၊လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးကိုအသုံးချခြင်းဖြစ်တာ ကြောင့်ဥပဒေနဲ့အညိီသုံးတယ်လို့ပဲ ယူဆတာကြောင့် လိုအပ်ရင်လိုအပ်သလိုဝိုင်းဝန်းကူညီသွားမှာဖြစ်တယ်''ဟု  တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး