ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်ရှိ တောင်ယာစိုက်ခင်းအတွင်း အမျိုးသားတစ်ဦးခေါင်း ပြတ်သေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူ အမျိုးသား၏ဇနီးကို မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၁၀ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
အမှုတွင်ပါဝင်ပတ်သက်တိမ်းရှောင်နေသူတစ်ဦးကို စစ်ဆေးနိုင်ရန်လည်း သက်ဆိုင်ရာက စုံစမ်းလျက်ရှိ သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် မိုင်းတုံမြို့ နောင်ပါရင်ရပ်ကွက်၊ အိမ်အမှတ်(၆၅) နေ ဒေါ်နာမွေသည် နေအိမ်နှင့်တစ်မိုင်ကျော်ခန့်အကွာရှိ တောင်ယာစိုက်ခင်း၌ မြက်ရှင်းလင်းနေသည့် ခင်ပွန်းဖြစ်သူ ဦးအိုက်တူးထံသို့ ထမင်းပို့ရန် ကျော်ရွှေဘနှင့်အတူ သွားရောက်ခဲ့သည်။
ထိုသို့သွားရောက်စဉ် ခင်ပွန်းမှာ ဦးခေါင်းပြတ်လျက် ဘေးစောင်းအနေအထားဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရသည်ဟုဆိုကာ အနီးဝန်းကျင်၌နေထိုင်သူ ဦးကိုကိုထံသို့ ပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။
အခင်းဖြစ်နေရာနှင့် ပေ ၂၅၀ အနီး မြက်ရိုင်းပင်များကြားတွင် သေဆုံးသူ ဦးအိုက်တူး၏ ဦးခေါင်းကို ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တွေ့ရှိခဲ့ပြီး စောင်ဖြင့်ထုပ်လျက် ဦးထုပ်တစ်လုံး၊ သွေးစွန်း နေသောအင်္ကျီတစ်ထည်နှင့် လူသတ်ရာတွင် အသုံးပြုသောအရှည်တစ်ပေခွဲခန့်ရှိ ဓားမတစ် ချောင်းတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။
မိုင်းတုံမြို့မရဲစခန်းက (ပ)၁၂/၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။စုံစမ်းဖော်ထုတ်ချက်များအရ အခင်းဖြစ်နေ့ နံနက် ၇ နာရီခန့်တွင် သေဆုံးသူ ဦးအိုက်တူး၊ မိခင်ဖြစ်သူ ဒေါ်နာမွေနှင့် စာရင်းငှားလုပ်ကိုင်သူ ကျော်ရွှေဘတို့ သုံး ဦးတောင်ယာတောသို့ထွက်သွားခဲ့ကြောင်း သမီးဖြစ်သူ၏ ပြောဆိုချက်များအရ သက်ဆိုင်ရာက သိရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက အမှုနှင့် ပတ်သက်၍ မသင်္ကာသူ သေဆုံးသူ၏ ဇနီးဒေါ်နာမွေကို စစ်ဆေးမေးမြန်းရန် နေအိမ်သို့ သွားရောက်စဉ် နေအိမ်သော့ခတ်ကာ တိမ်းရှောင်နေခဲ့သည်။
သက်ဆိုင်ရာကရှာဖွေခဲ့ရာ အခင်းဖြစ်နေရာအနီး နေအိမ်တစ်လုံးရှိ အိမ်သာထဲတွင် ရွှေဆွဲကြိုးသုံးကုံး၊ လက်စွပ်နှစ်ကွင်း၊ ကျပ်ငွေ(၁၃) သိန်းကျော်၊ ထိုင်းဘတ်ငွေ (၅၉,ဝ၀ဝ)၊ အဝတ်အစားအိတ်တို့နှင့် အတူ ဒေါ်နာမွေကိုတွေ့ရှိခဲ့သည်။
လူသတ်မှုဖြင့် သံသယရှိသူများအနက် ဒေါ်နာမွေ(၅၂ နှစ်)ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျော်ရွှေဘ(စိစစ်ဆဲ)မှာထွက်ပြေးတိမ်းရှောင်နေသဖြင့် စစ်ဆေးနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

















