ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

ယခင်တစ်ပတ်မှအဆက်

ယခုတူးဖော်ဖယ်ရှားမည်ဆိုသော ဓာတ်တိုင်မှာ မိမိနေအိမ်၊ စုပေါင်းရုံးနှင့် ကုန်သွယ်ရေးဂိုဒေါင်တို့အကြားရှိ မြေကွက်လပ်အလယ်လောက်တွင်ရှိသည်။ ကုန်သွယ်ရေးဂိုဒေါင်သို့ ကားဝင်ထွက်သည့်နေရာလည်းဖြစ်သည်။ရုံးချိန်တွင် ဘောလီဘောကစားမည်ဆိုပါက နလကဥက္ကဋ္ဌ၊ပညာအုပ်နှင့် သမဝါယမအရာရှိတို့၏ ရုံးခန်းများနှင့်နီးကပ်လွန်းသည့်အတွက် အနှောင့်အယှက်ဖြစ်ရုံမျှမကရုံးခန်းတံခါးများတွင် တပ်ဆင်ထားသည့်မှန်များပင် ကွဲနိုင်သည်။ မိမိကမဖြစ်သင့်ကြောင်း၊ မကြာမီတယ်လီဖုန်းလိုင်းအား ပြန်လည်ဆက်သွယ်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသော်လည်း ဇွတ်ပြောနေကြသဖြင့် အဲဒီကြေးနန်းတိုင်ကို တူးဖော်ဖယ်ရှားသူကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ၊ ပုဒ်မ ၆ (၁) အရ ဖမ်းဆီးရမည်ဖြစ်ကြောင်း ဘီလူးဆိုင်းတီးလိုက်ရပြန်ပါသည်။ 

သရက်ချောင်းမြို့ပိုင်အဖြစ် ဆောင်ရွက်နေသည့်ကာလအတွင်း ဘဝပန်းတိုင်ပျောက်၍ စိတ်ဓာတ်ကျဆင်းနေရချိန်တွင် မြို့နယ်ပါတီယူနစ်ဥက္ကဋ္ဌ၏ လုပ်ဆောင်မှုများမှာလည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရမည့်အစား အုပ်ချုပ်ရေးအာဏာကို ဝင်လုနေသည့်သဘောဖြစ်နေပေရာ စိတ်လျှော့ထားသည့်ကြားကပင် ဤကဲ့သို့ အဖုအထစ်ကလေးများကိုတွေ့နေရသဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ စိတ်ချမ်းသာမှု မရှိခဲ့ချေ။ ထိုစဉ်က နလကဥက္ကဋ္ဌ၏ ဦးဆောင်မှုညံ့ဖျင်းခြင်းနှင့် ခေါင်းဆောင်မှုမပြတ်သားခြင်းသည်လည်းလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်မပြေမှု၊ စိတ်ဝမ်းကွဲပြားမှုဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟုဆိုရမည်။ ပါတီယူနစ်၏သဘောမှာ နလကဥက္ကဋ္ဌအားပါတီအရှိန်အဝါဖြင့်ဆွဲဆောင်ပြီး ပါတီယူနစ်၊ နလကဥက္ကဋ္ဌနှင့် တပ်ခွဲမှူးတို့ပူးပေါင်း၍ မြို့နယ်၏အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်သဘောဖြစ်သည်။ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီဝင်များဖြစ်ကြသည့် မြို့ပိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏အခန်းကဏ္ဍကို မှေးမှိန်ထားစေလိုသည့် သဘောဖြစ်သည်။ ဤသဘောဖြစ်ကြောင်းကို သရက်ချောင်းမြို့သို့ ရတခတိုင်းမှူးအသစ် ဗိုလ်မှူးချုပ်တင့်ဆွေ လာရောက်ခဲ့စဉ်မြို့ပိုင်နှင့်ရဲမှူးတို့ကို ၎င်းတို့က ခေါ်ခိုင်းမှသာ လာရောက်ကြရန်နှင့် နလကရုံးတွင် အသင့်စောင့်ဆိုင်းနေကြရန် ပြောဆိုခြင်းဖြင့် ပြသခဲ့ကြသည်။ ဤအကြောင်းကိုလည်း ဤဆောင်းပါးစဉ် အထက်တစ်နေရာ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ နောင်တွင် နလကဥက္ကဋ္ဌနှင့် ပါတီယူနစ်တို့၏ပြုမူပုံကို မိမိအနေဖြင့် တိုင်းမှူးလာစဉ်က မတင်ပြခဲ့ခြင်းမှာ မိမိ၏အားနည်းချက်ဖြစ်မည်လားဟု စဉ်းစားခဲ့ဖူးပါသည်။ မိမိကိုတပ်ရင်းမှူးက သဘောကျပြီး အရေးတယူဆက်ဆံနေခြင်းကြောင့်သာ သက်သာခဲ့သည်ဟုလည်း တွေးမိခဲ့သည်။ 

သရက်ချောင်းမြို့တွင် တာဝန်ထမ်းဆောင်စဉ် ဤသို့ပန်းတိုင်ပျောက်ပြီး စိတ်ဓာတ်မှာ သုညအမှတ်အောက်သို့ရောက်ရှိနေသည့်အချိန်တွင် မြို့နယ်အကျိုးလည်းရှိ၊ မိမိလည်း ကုသိုလ်ရခဲ့သည့်လုပ်ငန်းတစ်ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကိုတော့ မှတ်မှတ်ရရ ရှိခဲ့ပါသည်။ သရက်ချောင်းမြို့တွင် ဆရာဝန်တစ်ဦးခေါင်းဆောင်သော မြို့နယ်ဆေးရုံရှိရာ ဆေးရုံအဆောက်အအုံဟူ၍မရှိဘဲပုဂ္ဂလိကပိုင် ပျဉ်ထောင်အိမ်တစ်လုံးကို ငှားရမ်းဖွင့်လှစ်ထားခြင်းဖြစ်သည်။ ဤကိစ္စမှာ ကျိုက်မရောတွင် မိမိတာဝန်ထမ်းဆောင်စဉ်က တွေ့ကြုံခဲ့သော အဖြစ်အပျက်နှင့် အလားတူပင်ဖြစ်သည်။ ထိုစဉ်က ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးအရာရှိဖြစ်သော မြို့ပိုင်မှာ မြို့နယ်တိုင်းတွင် ဆေးရုံအကြံပေးကော်မတီဥက္ကဋ္ဌဖြစ်၏။ မြို့နယ်ဆရာဝန်နှင့် ထင်ရှားသော မြို့မိမြို့ဖများမှာ အဖွဲ့ဝင်များဖြစ်ကြသည်။ မိမိသရက်ချောင်းသို့ရောက်စက မြို့နယ်ဆရာဝန်မှာ ဝါရင့်ဆရာဝန်တစ်ဦးဖြစ်၍ မိမိတို့မိသားစုကိုခင်မင်မှုရှိသည်။ သူ့လက်ထက်တွင် ဆေးရုံအကြံပေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဆေးရုံမြေနေရာဝယ်ယူရေးအတွက် ရန်ပုံငွေကောက်ခံခဲ့ရာ ကျပ် ၉çဝ၀ဝ ကျော်ခန့်ရရှိပြီး စာတိုက်တွင် ငွေစုစာအုပ်ဖြင့် အပ်နှံထားသည်။ နောက်ပိုင်းတွင် မြို့နယ်၏လုံခြုံရေးအခြေအနေဆိုးရွားလာသဖြင့် ရန်ပုံငွေကို ဆက်လက်ကောက်ခံနိုင်ခြင်း မရှိတော့ချေ။ ထိုစဉ်က ဆေးရုံမြေအဖြစ် ဝယ်ယူရန်စေ့စပ်ပြောဆိုထားသည့် မြေနေရာမှာ ထားဝယ်-•သရက်ချောင်း ကားလမ်းပေါ်ရှိ သရက်ချောင်းနှင့် ကျောက်မြောင်းကျေးရွာအကြားမှ ဥယျာဉ်ခြံမြေတစ်ခုဖြစ်သည်။ မိမိသွားရောက်ကြည့်ရှုရာ ဆေးရုံအဆောက်အအုံနှင့်တကွ ဆရာဝန်အိမ်နှင့် သူနာပြုတန်းလျားများဆောက်လုပ်ရန် လုံလောက်သော ဧရိယာအကျယ်အဝန်းရှိပြီး သီးစားပင်အချို့လည်းရှိသဖြင့် ဆေးရုံဆောက်လုပ်ရန် သင့်သောနေရာဖြစ်ကြောင်းတွေ့ရှိရသည်။ သို့သော် ပြဿနာမှာခြံပိုင်ရှင်က တောင်းဆိုသောဈေးနှင့် စုဆောင်းထားရှိငွေမှာ များစွာကွာဟလျက်ရှိသည်။ 

ဆေးရုံဆောက်လုပ်ရန် မြေနေရာအသင့်ရှိပြီးဖြစ်လျှင် လာမည့်ဘဏ္ဍာနှစ်တွင် ဆေးရုံဆောက်လုပ်ရန်ရန်ပုံငွေချပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားလာကြောင်း မြို့နယ်ဆရာဝန်က မိမိထံလာရောက်တင်ပြသည်။ ယခင်ဆရာဝန်ကြီးမှာ ထားဝယ်သို့ပြောင်းရွှေ့သွားပြီဖြစ်၍ ၎င်းအစားရောက်လာသော ကျောင်းဆင်းခါစဆရာဝန်ကလေးဖြစ်သည်။ရောက်ခါစကာလ မိမိအားလာရောက်တွေ့ဆုံပြီး ၎င်းသည်အုပ်ချုပ်ရေးနှင့် ငွေစာရင်းလုပ်ငန်းများ မကျွမ်းကျင်သဖြင့်မိမိက ကူညီလုပ်ကိုင်ပေးလျက်ရှိသောကြောင့် ခင်မင်ရင်းနှီးနေသူဖြစ်သည်။ ဆေးရုံမြေနေရာကိစ္စအတွက် မိမိနှင့် လာရောက်တွေ့ဆုံတိုင်ပင်ခြင်းဖြစ်၍ မိမိက ဆေးရုံအကြံပေး ကော်မတီအစည်းအဝေးခေါ်ခိုင်းသည်။ ယင်းအစည်းအဝေးတွင် လျာထားပြီးဖြစ်သော ဆေးရုံမြေနေရာဝယ်ယူရေး ကိစ္စကိုဆွေးနွေးကြရာ မြို့မိမြို့ဖတစ်ဦးဖြစ်သူ သရက်ချောင်းမြို့အနီး မော်ရှည်ကုန်းကျေးရွာမှ ဦးပိုက်ဆိုသူက "မြေရှင်က အလိုရှိသောဈေးနှင့် ဆေးရုံမြေနေရာအတွက် ကောက်ခံရရှိထားသောငွေများစွာကွာဟလျက်ရှိနေကြောင်း၊ ခြံရှင်မှာလည်း အလွန်ကပ်စေးနှဲသူဖြစ်၍ ရောင်းဈေးကို လျှော့ပေးလိမ့်မည်မဟုတ်ကြောင်း၊ စစ်မဖြစ်မီက မော်လမြိုင်မြို့တွင်မိမိနှင့်ကျောင်းနေဘက်ဖြစ်ခဲ့၍ ဒီကောင့်စိတ်ဓာတ်ကို ကောင်းကောင်းသိကြောင်း" စသည်ဖြင့် ပြောကြားပါသည်။ မိမိကကျိုက်မရောတွင် မိမိတာဝန်ကျစဉ်က ဆေးရုံမြေနေရာရရှိရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ရှင်းပြပြီးနောက် ယခုကိစ္စကိုလည်း အလားတူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရှေးဦးစွာ ဦးပိုက်အနေဖြင့် ထားဝယ်မြို့တွင်နေထိုင်သော ဥယျာဉ်ခြံမြေပိုင်ရှင်ထံသွားရောက်ပြီး ဆေးရုံမြေနေရာကို လ·ဒါန်းရေးအတွက် ပြောကြားရန်နှင့် မလ·နိုင်ဟုငြင်းဆန်နေပါက မြို့ပိုင်က မြေသိမ်းအမှုတွဲဖွင့်လှစ်၍ ဥယျာဉ်ခြံမြေ တစ်ကွက်လုံးကို သိမ်းယူမည်ဟု အစည်းအဝေးတွင် ပြောကြားထားကြောင်း၊ လျော်ကြေးပေးမည်ဖြစ်သော်လည်း ထောင်ဂဏန်းမျှသာရရှှိမှာဖြစ်ကြောင်းပြောကြားရန်နှင့် လှူဒါန်းမည်ဟုပြောပါက ဆေးရုံအကြံပေးအဖွဲ့ဝင် လူကြီးများသွားရောက်ပြီး ဆေးရုံမြေအတွက်အလ·ခံရန် ညှိနှိုင်းသဘောတူကြပါသည်။ 

ဦးပိုက်လည်း နောက်နှစ်ရက်၊ သုံးရက်အတွင်း ထားဝယ်မြို့ရှိ ဥယျာဉ်ခြံပိုင်ရှင်ထံသွားရောက်ပြီး ဆေးရုံမြေနေရာအတွက် ဥယျာဉ်ခြံကိုလှူဒါန်းရန်ပြောကြားရာမလ·နိုင်ကြောင်းပြောသဖြင့် မလ·လျှင်အစိုးရက မြေကိုသိမ်းယူမှာဖြစ်ကြောင်း၊ လျော်ကြေးငွေလည်း မဖြစ်စလောက်သာရရှိမည်ဟုသိရကြောင်း၊ လ·ဒါန်းမည်ဆိုပါက အလ·ရှင်အမည်ကို ကမ္ပည်းကျောက်စာထိုး၍ ဆေးရုံမျက်နှာစာတွင် ကျောက်စာတိုင်ကို စိုက်ထူပေးထားမည်ဖြစ်ကြောင်း ဆက်လက်ပြောသောအခါတွင် လှူါန်းမည်ဟု ကတိပြုကြောင်း ဦးပိုက်က ပြန်ပြောပြပါသည်။ သို့ဖြစ်၍ ဦးပိုက်အမှူးပြုသော ဆေးရုံအကြံပေးကော်မတီလူကြီးများ ထားဝယ်မြို့သို့ ထပ်မံသွားရောက်ကြပြီး ဥယျာဉ်ခြံပိုင်ရှင်ထံမှ ၎င်း၏ဥယျာဉ်ကို သရက်ချောင်းဆေးရုံဆောက်လုပ်ရန် လ·ဒါန်းမည်ဖြစ်ကြောင်း ကတိကိုရယူခဲ့ကြပါသည်။ ဤသို့ကတိရပြီးသည်နှင့် စာချုပ်စာတမ်းစသည်များကိုပင် ဥပဒေနှင့်အညီ လုပ်မနေတော့ဘဲ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအား ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်စေခဲ့ကြပါသည်။ သို့သော် ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်းမပြီးစီးမီ မိမိမှာ စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် ဆေးရုံအဆောက်အအုံ ဖွင့်လှစ်ပွဲသို့ တက်ရောက်ခြင်းမပြုနိုင်ခဲ့ပါ။ နောင်ရှစ်နှစ်ကျော်ကြာသောအခါ မိမိမှာတနင်္သာရီတိုင်း ပြည်သူ့ကောင်စီတရားသူကြီးအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသဖြင့် သရက်ချောင်းသို့ ရောက်ရှိသောအခါတွင်မှ ဆေးရုံဝင်းအတွင်းဝင်ရောက်ကြည့်ရှုခဲ့ရာ အလ·ရှင်၏ ကမ္ပည်းကျောက်စာတိုင်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ 

သရက်ချောင်းမြို့နယ်တွင် တာဝန်ကျနေစဉ် မိမိဌာန၏ လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိ၊ နေ့စဉ်ရုံးတက်သည့်လုပ်ငန်းတာဝန်မှအပ အခြားအုပ်ချုပ်ရေး၊ လူမှုရေးတာဝန်များလည်းမရှိသလောက်ပင်ဖြစ်နေစဉ် စိတ်အပြောင်းအလဲဖြစ်စေမည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ထိုစဉ်ကစစ်တိုင်းဌာနချုပ်များတွင် ဖွင့်လှစ်သော အစိုးရဌာနဝန်ထမ်းလစာနှုန်း (၂၀ဝ-•၁၀•-၃၀ဝ) ရရှိသူ အရာရှိများနှင့် ပြန်တမ်းဝင်အရာရှိများတက်ရောက်ရသည့် တိုင်းတပ်တွင်း ပညာပေးသင်တန်းသို့တက်ရောက်ရန် ထိုစဉ်ကမွန်ပြည်နယ်အပါအဝင်ဖြစ်သော တနင်္သာရီတိုင်းမင်းကြီးရုံးမှ အမိန့်စာတစ်စောင်ရောက်ရှိလာသည်။ သင်တန်းပြီးသောအခါ သင်တန်းသားအရာရှိတစ်ဦးစီကို သက်ဆိုင်ရာဌာနအကြီးအကဲမှတစ်ဆင့်ထုတ်ပေးသည့် သင်တန်းမှတ်တမ်းတစ်စောင်ကို မိမိ၏ကိုယ်ရေးစာတွဲတွင်တွေ့ရှိရာ ယင်းမှတ်တမ်းအရ သင်တန်းကာလမှာ ၂၆-•၁•-၇၀ နေ့မှ ၂၀-•၃•-၇၀ နေ့အထိ နှစ်လခန့်ဖြစ်သည်။ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ရိပ်သာဟောင်းတစ်ခုတွင် ဖွင့်လှစ်ခြင်းဖြစ်သည်။ သင်တန်းသားပေါင်း ၄၀ ကျော်လောက်ရှိရာ ဒု-ဗိုလ်နှင့် ဗိုလ်အဆင့်အရာရှိ ဆယ်ယောက်လောက်ပါရှိသည်။ ကျန်သင်တန်းသားများမှာ မြို့နယ်အဆင့်အစိုးရဌာနအရာရှိအချို့နှင့် အထက်တန်းပြ ဆရာမလေးငါးယောက်လောက်ဖြစ်သည်။ ဝါရင့်ကရင်အမျိုးသမီး ဆရာဝန်မကြီးနှစ်ဦးလည်းပါဝင်သည်။ မိမိ၏ဌာနမှ မိမိတစ်ဦးတည်းသာပါသည်။ အိပ်ဆောင်များလည်း ကောင်း၍ အခန်းကျယ်တစ်ခုလျှင် လေးငါးဦးလောက် ခုတင်များနှင့်အိပ်ကြရသည်။ ခြင်ထောင်၊ စောင်အစရှိသည့် အိပ်ရာလိပ်များကို မိမိအစီအစဉ်ဖြင့် ယူဆောင်လာကြရသည်။ နေ့စဉ် နံနက်စာ၊ နေ့လယ်စာနှင့် ညစာတို့ကိုလည်း ကောင်းကောင်းကျွေးမွေးပါသည်။ 

တပ်တွင်း ပညာပေးသင်တန်းဆိုသော်လည်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ သဘောတရားများ သက်သက်ကိုသာ ပို့ချသောသင်တန်းဖြစ်သည်။ ဘာသာရပ် ၄ ခုရှိရာ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘော တရား၊ စီးပွားရေးဘာသာရပ်ဖြစ်သော လူတို့၏ကုန်လုပ်ဆက်ဆံရေးသမိုင်း၊ လူ့အဖွဲ့အစည်း၏သမိုင်းနှင့် စည်းရုံး ရေးဘာသာရပ်တို့ဖြစ်သည်။ ဘာသာရပ်အလိုက် ပို့ချသည့်ဆရာများမှာ ဗဟိုနိုင်ငံရေးသိပ္ပံ (နောင်တွင်တက္ကသိုလ်) မှ နည်းပြဆရာသင်တန်းဆင်းဆရာများဖြစ်သည်။ စီးပွားရေးဘာသာတွင် နည်းပြဖြစ်သူမှာ အရပ်ဘက်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျန်ဘာသာရပ် သုံးခုတွင် နည်းပြဆရာများမှာ တပ်မတော်မှ ဗိုလ်ကြီးသုံးဦးဖြစ်သည်။ နေ့စဉ် နံနက် ၈ နာရီ မှ ၁၁ နာရီ၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းပို့ချပြီး နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ နေ့လယ်စာစားချိန်နှင့် အနားယူချိန်ဖြစ်သည်။ ညပိုင်းတွင် ၇ နာရီမှ ၁၀ နာရီအထိ သင်တန်းခန်းမအတွင်း စာဖတ်ကြရသည်။ နေ့စဉ်နေ့တိုင်း နံနက်ပိုင်းသင်တန်းမစမီနှင့် ညပိုင်းစာဖတ်ချိန်မတိုင်မီတန်းစီပြီး သစ္စာအဓိဋ္ဌာန်ပြုကြရသည်။ သစ္စာအဓိဋ္ဌာန်ပြုကြရသည့်စာသားမှာ တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထား ကြေညာစဉ်က "ကျွန်ုပ်တို့၏ ယုံကြည်ချက်" ခေါင်းစဉ်ပါ "ဤလောက၌ လူလူချင်းခေါင်းပုံဖြတ်၍ မတရားစီးပွားရှာစားသော စီးပွားရေးစနစ်ဆိုးများရှိနေသမျှကာလပတ်လုံး" အစချီသော စာပိုဒ်ဖြစ်သည်။ ပထမရက်သတ္တပတ်လောက်တွင် အလွတ်မရကြသေးသဖြင့်စာရွက်ကိုကြည့်ပြီး ရွတ်ဆိုကြရသော်လည်းနောက်ပိုင်းတွင် အလွတ်ရွတ်ဆိုနိုင်ကြပါသည်။ တပ်မတော်တွင် တပ်မတော်သားများ သစ္စာအဓိဋ္ဌာန်ပြုရသည့်စနစ်မှ ဆင်းသက်လာခြင်းဖြစ်မည်။ (နောင်တွင်"ခေါင်းပုံဖြတ်" ဟူသော ဝေါဟာရမှာ အရပ်သုံးဗန်းစကားဖြစ်နေသောကြောင့် ပြင်ဆင်လိုသော်လည်း ယင်းထက်ထိရောက်သော ဝေါဟာရကို ရှာမရခြင်း၊ အသုံးတွင်ကျယ်နေပြီဖြစ်ခြင်းတို့ကြောင့် မပြင်တော့ကြောင်း သိရှိရသည်။) 

၁၉၆၂ ခုနှစ် နှစ်လယ်လောက်တွင် တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထားကြေညာချက်ဟူသောစာအုပ်ငယ်လေးတစ်အုပ်ထွက်ရှိလာခဲ့ရာ ထိုအချိန်ကမိမိမှာ အလုပ်သင်အရာရှိဘဝဖြင့် ပုလောမြို့နယ်တွင် တာဝန်ကျနေသဖြင့် မြို့ပိုင်ကြီး၏ တာဝန်ပေးချက်အရ ထိုစာအုပ်ပါမူဝါဒများကို အစိုးရဌာနအကြီးအကဲများ အစည်းအဝေးတွင် မိမိကဖတ်ကြားရှင်းလင်းခဲ့ရသေးသည်ကို မှတ်မိနေပါသေးသည်။ 

အထက်တွင်ဖော်ပြခဲ့သော သစ္စာအဓိဋ္ဌာန်ဆိုရသည့် စာပိုဒ်မှာ ထိုတော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထား ကြေညာချက် စာအုပ်ကလေးပါ "ကျွန်ုပ်တို့၏ ယုံကြည်ချက်" ခေါင်းစဉ်ပါစာသားဖြစ်သည်။ 

ထိုကာလကမူ မာ့က်စ်နှင့် လီနင်တို့၏ ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးသော ဆိုဗီယက်ရုရှားနိုင်ငံမှ သိပ္ပံပညာတွင် "စပွတ်နစ်" အမည်ရှိ ပထမဆုံးကမ္ဘာပတ် ဂြိုလ်တုကို လွှတ်တင်နိုင်သောနိုင်ငံအဖြစ်ကျော်ကြားလျက်ရှိပြီး တရုတ်ပြည်တွင်လည်း မော်စီတုန်းခေါင်းဆောင်သော တရုတ်ကွန်မြူနစ်ပါတီက အောင်ပွဲခံလျက်ရှိသဖြင့် အာရှနှင့် အာဖရိကတိုက်များရှိ အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ကိုလိုနီနိုင်ငံများမှာလည်း ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်ကိုလက်ခံကာ လွတ်မြောက်သောနိုင်ငံများဖြစ်လာချိန်ဖြစ်သောကြောင့် ဆိုရှယ်လစ်စနစ်မှာလည်း ကမ္ဘာပေါ်တွင် ခေတ်စားလျက်ရှိသည့်အချိန်ဖြစ်သည်။ သို့ရာတွင် ဗုဒ္ဓ ဟောကြားသည့် ကံနှင့်ကံ၏အကျိုးကိုသာ ယုံကြည်လက်ခံထားကြသော ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုအနေဖြင့်မူ ဘာသာအယူဝါဒများကို စွန့်ပယ်သော ကွန်မြူနစ်ဝါဒကို လက်ခံနိုင်ခြင်းမရှိကြပေ။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021