မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့်ပြုလုပ်မည့် ပဏာမအပစ်အခတ်ရပ်စဲရေး စာချုပ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးမည်ဆိုသည့် ကတိကဝတ်ကိုထည့်သွင်းကာ အစိုးရကတောင်းခံ ထားကြောင်း သိရသည်။
လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းက မိုင်းလားဒေသတွင်ပြုလုပ်သည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် တွေ့ဆုံစဉ် အစိုးရဘက်က ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို မဟာမိတ်အဖွဲ့များထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အင်န်စီအေလက်မှတ်ထိုးရမည်
"ကျွန်တော်တို့ ပဏာမအပစ်အခတ်ရပ်စဲရေးကိုတော့သွားမယ်။ ဒါပေမဲ့ အင်န်စီအေကို လက်မှတ်ထိုးပါမယ်ဆိုတဲ့ ကတိကဝတ်ပေး မှဖြစ်မယ်လို့ ပြောပြီးသားပါ။ အစိုးရလိုလားချက် အဆိုပြုပြီးသားဖြစ် တယ်။ အဲဒီအပေါ်မှာ ပြန်တွေ့တဲ့အချိန်မှာ အသေးစိတ် ထပ်ပြီး ဆွေးနွေးပေါ့။ အဲဒီအပေါ်မှာ နှစ်ဦးနှစ်ဖက်သဘောတူရင် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးလို့ရပြီ"ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။
အကြောင်းပြန်ပေးရန်
ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်၌ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် ဇူလိုင် ၁၅ ရက်နောက်ဆုံးထားကာ အကြောင်း ပြန်ပေးရန်ပြောဆိုထားပြီး အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များအကြား ပြန်လည်တွေ့ဆုံကာ ညှိနှိုင်းကြမည်ဟု သိရသည်။
အားလုံးပါဝင်ရန်စောင့်ဆိုင်း
ထို့အတူ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီဘက်ကလည်း အင်န်စီအေကို ပါဝင်နိုင်မည့်အဆိုပြုချက်ကို အစိုးရထံပေးပို့ထား ပြီးဖြစ်ကြောင်း သိရသည်။ မိုင်းလားအဖွဲ့အနေဖြင့်လည်း အင်န်စီအေ စာချုပ်၌ လက်မှတ်ရေးထိုးရန်အသင့်ရှိနေပြီး အားလုံးပါဝင်မည့် အချိန်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။















