တပ်မတော်က ထိပ်ပိုင်းနေရာအချို့ကို ယခုရက်ပိုင်းအတွင်း အပြောင်းအလဲပြုလုပ်လိုက်ကြောင်း ဇူလိုင် ၁၂ ရက် ညပိုင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ အတည်ပြုပြောကြားသည်။
''အပြောင်းအလဲလုပ်တာ ဟုတ်ပါတယ်။ ဒါပေမဲ့ နာမည်အတိအကျတော့ ပြောဖို့မရှိ ပါဘူး။ ရာထူးတိုးသွားတာမျိုးလည်း မဟုတ်ပါဘူး။ ဟိုဘက်ဒီဘက် ချိန်းတဲ့သဘောပါ''ဟု ၄င်းက ပြောသည်။
စစ်ရေးချုပ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ကြီးကြပ်ကွပ်ကဲသည့် အမှတ်(၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကို တာဝန်ပေးလိုက်ပြီးစစ်ရေးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့တာဝန်ပေးခဲ့သည်။
အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးသစ်ဖြစ်လာသူမှာ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ဖြစ်ပြီး စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းကို တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ဌာနမှူးအဖြစ်တာဝန်ပေးလိုက်ကြောင်း သိရသည်။















