ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်- လှော်ကားလမ်းမအနီး သေဆုံးနေသည့် အသက်၂၀ခန့်အရွယ်အလောင်းသုံးလောင်းကို ယနေ့ဇူလိုင် ၁၃ ရက်က တွေ့ရှိခဲ့သည်။
ယနေ့ နံနက် ၈ နာရီခွဲတွင် လှော်ကား သဘာဝဘေးမဲ့တောအကျော် ထောက်ကြန့် - လှော်ကား လမ်းမအနီး၌ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် မိန်းကလေးတစ်ဦးနှင့် ယောကျာ်းလေးနှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
"မနက် ၈ နာရီခွဲမှာ အခင်းဖြစ်လမ်းပေါ်မှာ ကလေးသုံးဦး သေနေတယ်လို့ အကြောင်းကြားလို့ အလောင်းတွေကို ရဲတပ်ဖွဲ့နဲ့အတူ ကူညီပြီး ဆေးရုံပို့ပေးလိုက်တယ်"ဟု ပုလဲမြို့သစ်အရန် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူများတွင် ထိုးသွင်းဒဏ်ရာနှင့် ပြင်ပဒဏ်ရာများမတွေ့ရဘဲ အလုံပိတ်ကားနှင့် တင်ဆောင်လာရာမှ အသက်ရှူကျပ်သေဆုံးသည့် လက္ခဏာများတွေ့ရကြောင်း၊ သေဆုံးသူများ၏ အနီးတွင် တစ်ရှူးအပိုင်းအစများတွေ့ရကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါ အလောင်းများနှင့် ပတ်သက်၍ ထောက်ကြန့်မြို့မရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် စုံစမ်းလျက်ရှိသည်။

















