ရွှေပေါ်ကျွန်းသာသနာပြုစခန်း၌ ဆရာတော်နှင့် လူအချို့အားရိုက်နှက်၍ပစ္စည်းဖျက်ဆီးသူ တစ်ရာကျော်ကို အမှုဖွင့်

ရွှေပေါ်ကျွန်းသာသနာပြုစခန်း၌ ဆရာတော်နှင့် လူအချို့အားရိုက်နှက်၍ပစ္စည်းဖျက်ဆီးသူ တစ်ရာကျော်ကို အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ရေငံအုပ်စု ရွှေပေါ် ကျွန်းကျေးရွာရှိ ရွှေပေါ်ကျွန်းသာသနာ ပြုစခန်းအတွင်း ဇူလိုင် ၁၂ ရက် နံနက် ၇ နာရီခွဲခန့်က ပဓာနဆရာတော်နှင့် လူအချို့အားရိုက်နှက်၍ ကျောင်းပိုင်ပစ္စည်းများ ဖျက်ဆီးသူ တစ်ရာကျော်တို့အား ပုဒ်မခုနစ်ခုဖြင့် အမှုဖွင့်ထားသည်။

ဖြစ်စဉ်မှာ ရွှေပေါ်ကျွန်းသာသနာပြုစခန်းအတွင်းရှိ ပဓာနဆရာတော် ဦးကုမာရ၏ ကျောင်းတိုက်ရှေ့တွင် ဦးအောင်စိုးသည် ဦးကျော်သန်း၊ဦးရန်လင်းအောင်၊ ဦးကျော်သင်း၊ ဦးချစ်ကိုကိုနှင့်အတူရှိနေစဉ်ရွှေပေါ်ကျွန်းကျေးရွာနေထွန်းဦး အသက်(၄ဝ)ပါ အမျိုးသား၊ အမျိုးသမီး၁ဝဝ ကျော်တို့က တုတ်၊ လေးခွ၊ သံတုတ်၊ ခဲများကိုင်ဆောင်ထားပြီး ခဲများဖြင့်ပစ်ပေါက်၍ကျောင်းဝင်းသံတံခါးအား တွန်းဖွင့်ဝင်ရောက်လာခဲ့သည်။

ထို့နောက်၎င်းတို့အဖွဲ့က ဦးအောင်စိုးနှင့်အဖွဲ့အားတုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ ဒဏ်ရာများရရှိသည့်အပြင် အမျိုးသား၊ အမျိုးသမီး ၁ဝဝကျော်အနက်မှ အဆိုပါရွာနေ မကြည်ခွေးခေါင်းဆောင်သောအမျိုးသမီးအဖွဲ့က ပဓာနဆရာတော် ဦးကုမာရကျောင်းဝင်းအတွင်းထပ်မံဝင်ရောက်၍ ဆရာတော်အား ကျောင်းအပြင်ဆွဲထုတ်ပြီး ရိုက်နှက်ခဲ့သဖြင့် ဆရာတော်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကျောင်းပိုင် ပါရာဒိုအမျိုးအစား ခဲရောင်ယာဉ်၏ နောက်မှန်ဝဲဘက် အချက်ပြမီးခွက်တို့အား ခဲထိမှန်ခဲ့ပြီးဆရာတော်သီတင်းသုံးနေထိုင်သည့် ကျောင်းဆောင် ကျွန်းတံခါးနှင့် သော့တို့ကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။

ထို့ပြင် ဆရာတော်ပိုင် ငွေကျပ်သိန်း ၂၃ဝ၊ KENBO အဖြူရောင်ဖုန်းတစ်လုံး၊ တယ်လီနော အနက်ရောင်ဖုန်းတစ်လုံးနှင့် Apple iPad ဖုန်းတစ်လုံးတို့ကိုယူဆောင်သွားခဲ့သဖြင့် ထွန်းဦးပါ အမျိုးသား၊အမျိုးသမီး ၁ဝဝ ကျော်အား အရေးယူပေးပါရန် ပဓာနဆရာတော်၏တူဖြစ်သူ ဦးအောင်စိုးကတရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နှောကန်နယ်မြေရဲစခန်းက (ပ) ၃၆/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ၄၅၂/၃၃၆/၃၂၅/၃၂၃/၂၉၅/၄၂၇/၁၁၄တို့ဖြင့် အမှုဖွင့်လှစ်ပြီး ထွန်းဦးနှင့် အမည်သိအမျိုးသား၊ အမျိုးသမီး ၁၂ ဦးပါ ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး