ရွှေဆွဲကြိုးအစစ်နှင့်အတုကို လက်လှည့်လိမ်လည်ရောင်းသူ အသက် ၇၀ကျော်အမျိုးသမီးကို အမှုဖွင့်

ရွှေဆွဲကြိုးအစစ်နှင့်အတုကို လက်လှည့်လိမ်လည်ရောင်းသူ အသက် ၇၀ကျော်အမျိုးသမီးကို အမှုဖွင့်

ပုသိမ်မြို့ ၊ရွှေပြည်သာဈေးအတွင်းရွှေဆွဲကြိုးအစစ်နှင့်အတုကို လက်လှည့်လိမ်လည်ရောင်းချသူ အသက် ၇၀ကျော်အမျိုးသမီးကို သက်ဆိုင်ရာက ဇူလိုင် ၁၂ ရက်တွင် အမှုဖွင့်ခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီတွင် ပုသိမ်မြို့ရွှေပြည်သာဈေးရှိ ဆင်ပျံရွှေဆိုင်ပိုင်ရှင် မမြတ်သင်းကြူ သည် ဆိုင်တွင်ရှိနေစဉ် အသက်(၇၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးရောက်လာပြီး အလေးချိန်(၁)ကျပ်(၉)ပဲသားရွှေဆွဲကြိုးတစ်ကုံးပေါင်နှံလိုကြောင်း ပြောဆိုခဲ့သည်။

ဆိုင်ရှင်က အပေါင်မခံကြောင်း ဘောက်ချာပါ ရွှေထည်ပစ္စည်းများသာ ဝယ်ယူကြောင်း ပြန်လည်ပြောဆိုသဖြင့် လိမ်လည်သူအမျိုးသမီးက ငွေလိုနေသဖြင့် ဘောက်ချာလဲပါနေသောကြောင့် ရောင်းချတော့မည်ဟု ပြောဆိုခဲ့သည်။

ဆိုင်ပိုင်ရှင်အမျိုးသမီးက အလေးချိန်(၁)ကျပ်(၉)ပဲသားပါ ကြယ်တံဆိပ် ရွှေဆိုင်အမည်ပါ ရွှေဘောက်ချာကိုတိုက်ဆိုင်စစ်ဆေးပြီး ရွှေဆွဲကြိုးကို မှတ်ကျောက်ယူကာ ကျပ် ၂၃ သိန်းသာရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ လိမ်လည်သူအမျိုးသမီးက ရောင်းချမည်ဟု ပြောဆိုခဲ့သည်။

ရွှေဆွဲကြိုးကို ရွှေမှန်ပုံးပေါ်သို့တင်ထားခဲ့ပြီး ဆိုင်အတွင်းအံဆွဲမှ ငွေ ၂၃သိန်း ရေတွက်နေစဉ်  လိမ်လည်သူအမျိုးသမီးက မှန်ပုံးပေါ်တင်ထားသည့် ရွှေဆွဲကြိုးကို ရုတ်တရက်ဝဲလက်ဖြင့်လှမ်းယူသည်ကိုမြင်တွေွ့ခဲ့သည်။

ဆိုင်ရှင်က ငွေချေမည်ပြောစဉ် အဖွားအိုက ဆွဲကြိုးကို ယာလက်ဖြင့် ပြန်ပေးခဲ့သောကြောင့် မသင်္ကာဖြစ်ကာ ရွေဆွဲကြိုးကို ပြန်လည်ချိန်တွယ်ခဲ့ရာ မူလချိန်တွယ်ထားသည့်အလေးချိန်ထက် (၁)ပဲ ပိုနေသဖြင့် ထပ်မံ၍မှတ်ကျောက်တိုက်စစ်ဆေးကြည့်ခဲ့သည်။

ရွှေအတု ဖြစ်နေကြောင်းသိရသဖြင့် အနီးပတ်ဝန်းကျင်ရွှေဆိုင်မှ အမျိုးသမီးကို အကူအညီတောင်းကာ လိမ်လည်သူအမျိုးသမီး၏ခန္ဓာကိုယ်ကိုရှာဖွေခဲ့သည်။ထိုသို့ရှာဖွေရာ အင်္ကျီအတွင်းဘက်၌ လျှို့ဝှက် ချုပ်ထားသည့် အိတ်ငယ်အတွင်းမှ မူလပြသထားသည့် ရွှေဆွဲကြိုးအစစ်ကိုတွေ့ရသဖြင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ပုသိမ်နယ်မြေရဲစခန်းက (ပ)၃၄၂/၁၉.ရာဇသတ်ကြီးပုဒ်မ၄၂၀/၄၆၈တို့အရ အမှုဖွင့်အရေးယူထားပြီး အခြားအမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးခဲ့သည်။ ဖမ်းဆီးအရေးယူထားသူမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်အေးမြင့် (၇၅)နှစ်ဖြစ်ပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သာပေါင်းမြို့ရှိရွှေဆိုင်တစ်ဆိုင်တွင်လည်း အလားတူ အမှုကိုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဆက်လက်အရေးယူထားသည်။