တရုတ်နိုင်ငံတွင် ကလေးထိန်းအလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ကာ တရုတ်အမျိုးသားထံသို့ ရောင်းချခဲ့ပြီး ရရှိငွေများကို ခေါင်းပုံဖြတ်ယူဆောင်ခဲ့သူကို သက်ဆိုင်ရာက ဇူလိုင် ၁၄ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။
ဖြစ်စဉ်မှာ တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် တိုက်ကြီးမြို့နယ်နေ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တိုက်ကြီးမြို့နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၉ နှစ်အရွယ် အမျိုးသားထံသို့ လူမှုကွန်ရက်မှတစ်ဆင့် ဇူလိုင် ၁၀ ရက်၌ ဆက်သွယ်ပြောဆိုခဲ့သည်။
ထိုသို့ ဆက်သွယ်ပြောဆိုရာတွင် ၄င်းသည် တရုတ်မယားအဖြစ်ရောင်းစားခံရသူဖြစ်ပြီး အခန်းတစ်ခန်း တွင်ထားရှိခံထားရကာ နေအိမ်ခြံဝင်းအတွင်း အမြဲသော့ပိတ်ထားရှိကြောင်း၊ မည်သည့်နေရာမျှသွားလာ၍ မရကြောင်း ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
၄င်းကို လူကုန်ကူးသူအမျိုးသမီးသည် တရုတ်နိုင်ငံသားနှင့် အိမ်ထောင်ကျနေသူဖြစ်ပြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ တစ်ရွာတည်းနေထိုင်သူ မစည်သူခိုင်(ခ)ဆောင်းဟေမာန်ဖြစ် ကြောင်း၊ ယခု မြန်မာနိုင်ငံသို့ ပြန်ရောက်နေကြောင်း ပြောပြခဲ့သည်။
ထို့သို့ လူကုန်ကူးခံရသူ၏ပြောပြချက်အရ တိုက်ကြီးမြို့နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၉ နှစ်အရွယ် အမျိုးသားက ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၁၃ ရက် ညနေပိုင်းတွင် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့က မစည်သူခိုင်(ခ)ဆောင်းဟေမာန်ကို ၄င်း၏ နေအိမ်တွင် ဇူလိုင် ၁၄ ရက် ည ၇ နာရီ၌ ဖမ်းဆီးရမိခဲ့သည်။
မစည်သူခိုင်သည် တရုတ်နိုင်ငံသားတစ်ဦးနှင့်အိမ်ထောင်ကျနေပြီး ဝင်ငွေကောင်းသည့် အလုပ်ရှိကြောင်း၊ကလေးထိန်းသည့် အလုပ် လုပ်ကိုင်လိုပါက တစ်လလျှင်ကျပ် ၄ သိန်းရမည်ဖြစ်ကြောင်း၊ သွားရောက်လိုပါက လမ်းစရိတ်ခံ ခေါ်မည်ဖြစ်ကြောင်း မစည်သူခိုင်က လူကုန်ကူးခံရသူအမျိုးသမီးကို ယခုနှစ်မေလတွင် ပြောဆိုစည်းရုံးခဲ့သည်။
မေ ၂၇ ရက်တွင် မစည်သူခိုင်က လူကုန်ကူးခံရသူအမျိုးသမီးထံသို့ ငွေကျပ် ၃ သိန်းကို လွှဲပေးခဲ့ပြီး လူကုန်ကူးခံရသူက ၎င်း၏မိဘများကို ကျပ်နှစ်သိန်းပေးအပ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် လူကုန်ကူးခံရသူအမျိုးသမီးက ကျန်ငွေဖြင့် မေ ၂၉ ရက်တွင် ရွာမှ အောင်မင်္ဂလာကားဝင်းသို့လည်းကောင်း၊ ထို့မှတစ်ဆင့် မူဆယ်မြို့သို့ လည်းကောင်း တစ်ဦးတည်းသွားရောက်ခဲ့သည်။
ဇွန် ၁ ရက်တွင် မူဆယ်မြို့သို့ရောက်ရှိပြီး ၄င်းရောက်ရှိနေကြောင်း မစည်သူခိုင်ထံသို့ တရုတ်ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီးနောက် ရှမ်းတရုတ်လင်မယားနှစ်ဦးရောက်လာကာ ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။
၄င်းကို အိပ်စင်ကားဖြင့် ထည့်ပေးခဲ့ပြီး ဇွန် ၄ ရက်တွင် မစည်သူခိုင် နေထိုင်သည့် မြို့သို့ရောက်ရှိတွေ့ဆုံခဲ့ကာ ၄င်းနေအိမ်တွင် နေထိုင်ခဲ့သည်။ထိုသို့နေထိုင်စဉ် တရုတ်အမျိုးသားနှင့်လက်ထပ်ပေါင်းသင်းရန် ပြောဆိုခဲ့သဖြင့် မပေါင်းသင်းလိုကြောင်း၊ နေရပ်သို့ ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာ ခရီးစရိတ် ယွမ် ၁၅၀ဝ၀ ကုန်ကျပြီး ယင်းနှင့်ကိုက်ညီသည့် မြန်မာငွေ ပြန်ပေးမှသာလျှင် ပြန်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် တရုတ်အမျိုးသားနှင့်လက်ထပ်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရပြီး ၄င်းနေအိမ်၌ ၅ ရက်ခန့် နေထိုင်ပြီးချိန်တွင် အမည်မသိတရုတ်အမျိုးသားထံသို့ ယွမ် ၉၀ဝ၀ဝ ဖြင့်ရောင်းစားခြင်းခံခဲ့ရသည်။
လူကုန်ကူးခံရသူ၏ မိဘများထံသို့ ယွမ် ၂၀ဝ၀ဝ နှင့်ညီမျှသည့် မြန်မာငွေ ကျပ် ၃၈ သိန်းကို လွှဲပေးခဲ့ပြီး ကျန်ငွေ ယွမ် ၇၀ဝ၀ဝ ကို မစည်သူခိုင်က ယူထားခဲ့သည်။
တရုတ်နိုင်ငံတွင် ကလေးထိန်းအလုပ်ရမည်ဟု မစည်သူခိုင်က ပြောဆိုခေါ် ဆောင်ကာ တရုတ်အမျိုးသားထံရောင်းချခဲ့ပြီး ရရှိသည့် ငွေများအပေါ်ခေါင်းပုံဖြတ်ခဲ့သောကြောင့် အရေးယူပေးရန် လူကုန်ကူးခံရသူအမျိုးသမီးက လူမှုကွန်ရက်မှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ကိုင်သူထံသို့ ဖြစ်စဉ်ကို ပြောပြအကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ဥက္ကံနယ်မြေရဲစခန်းက အမှုဖြင့်ဖမ်းဆီးထားသူ မစည်သူခိုင်(ခ) မဆောင်းဟေမာန် (၁၉ နှစ်)ကိုလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်အရေးယူထားသည်။

















