WISDOM HILL ပုဂ္ဂလိကမူကြိုကျောင်းမှ သက်ငယ်မုဒိမ်းမှု တရားသူကြီးနှစ်ဦးထိုင် ခုံရုံးဖွဲ့စစ်မည်

WISDOM HILL ပုဂ္ဂလိကမူကြိုကျောင်းမှ သက်ငယ်မုဒိမ်းမှု တရားသူကြီးနှစ်ဦးထိုင် ခုံရုံးဖွဲ့စစ်မည်

နေပြည်တော်ကောင်စီနယ်မြေအတွင်းဖွင့်လှစ်ထားသည့် WISDOM HILL ပုဂ္ဂလိကမူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ညွှန်ကြားချက်ဖြင့် ခရိုင်တရားသူကြီးနှင့် ဒုတိယခရိုင်တရားသူကြီးနှစ်ဦးကခုံရုံးဖွဲ့စစ်ဆေးမည် ဖြစ်ကြောင်း အမှုကိုလက်ခံဆောင်ရွက်နေသည့် ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်။

"၂၀၁၉ ခုနှစ် ရာဇဝတ်ကြီးအမှုအမှတ် ၇၆ ဒီအမှုဟာ ပြည်သူတွေစိတ်ဝင်စားပြီး အရေးကြီးတဲ့ အမှုဖြစ်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃(ခ)အရ တရားသူကြီး နှစ်ဦးပါဝင်တဲ့ခုံအဖွဲ့နဲ့စစ်ဆေးဖို့အတွက် တာဝန်ပေးအပ်ခဲ့ပါတယ် " ဟု ဒက္ခိဏခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဒေါ်သီတာနွယ်က ပြောသည်။

စွပ်စွဲခံရသူအောင်ကျော်မျိုး(ခ)အောင်ကြီးကို ဇူလိုင် ၁၅ရက်၌ ပထမအကြိမ် ရုံးထုတ်အပြီးတွင် တရားရုံးပြန်ကြားရေးအရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။

ခုံရုံးဥက္ကဌအနေဖြင့် ခရိုင်တရားသူကြီး ဦးတင့်လွင်က ဆောင်ရွက်မည်ဖြစြ်ပီးအဖွဲ့ဝင်အဖြစ် ဒုတိယခရိုင်တရားသူကြီးဦးညိုဌေးက ဆောင်ရွက်မည်ဖြစ်သည်။

ဖြစ်စဉ်၌ ကျူးလွန်ခံရသူ ကလေးငယ်အားစစ်ဆေးရာတွင်ကလေးငယ်အတွက် ဖိအားမဖြစ်ပေါ်စေရေး VIDEO CONFRENCING စနစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။

" ကလေးသူငယ်ကို video confrencing နဲ့စစ်မယ်ဆိုတဲ့အကြောင်း ရုံးနဲ့အထာကျဖို့အတွက် ရုံးကို နှစ်ခါ သုံးခါခေါ်ဆောင်လာမယ်ဆိုတဲ့အကြောင်း preparing the witnessအစီအစဉ်ပေါ့။ နိုင်ငံတကာမှာလည်းရှိပါတယ်။ ကျွန်တော်တို့ကလည်းလက်ခံပါတယ်" ဟု တရားခံအဖြစ်စွပ်စွဲခံရသူ၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

video confrence  ဗီဒီယို နည်းပညာသုံးစစ်ဆေးခြင်းဆိုသည်မှာ ကလေးငယ်ကိုတရားခွင်အတွင်း လူအများကြား၌ စစ်ဆေးခြင်းမဟုတ်ဘဲကလေးငယ်ကို အခန်းတစ်ခုအတွင်းတစ်ယောက်တည်းထားကာ သက်ဆိုင်ရာဗီဒီယိုများ ပြသမေးမြန်းခြင်းနှင့်မေးမြန်းမှုများကိုလည်း ဗီဒီယို ရိုက်ကူးကာ သက်သေ အဖြစ်တင်သွင်းခြင်းများပြုလုပ်မည့်စနစ်ဖြစ်သည်။

ယနေ့ဇူလိုင်၁၅ရက် ရုံးချိန်းအတွင်း စွပ်စွဲခံရသူဘက်မှလိုက်ပါဆောင်ရွက်မည့်ရှေ့နေများ၊ ဥပဒေအရာရှိ၏ ညွှန်ကြားချက်နှင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်မည့်ရှေ့နေများက ကိုယ်စားလှယ်စာတင်သွင်းခဲ့ကြသည်။

နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင် ၂၄ရက်သို့ ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်မည်ဖြစ်ကာ နှစ်ဦးနှစ်ဘက်အဆင်သင့်ဖြစ်ခဲ့မည်ဆိုပါက တရားလိုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း  တရားရုံးပြန်ကြားရေးအရာရှိ ဒေါ်သီတာနွယ်က ပြောသည်။

အမှုကိုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး သတ်မှတ်ရက်၌ ပြီးပြတ်အောင်ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

"လာမယ့်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးလုပ်ပါမယ်။ အဲဒီမှာတရားလိုတွေစွပ်စွဲခံရသူတွေလည်းရှိမယ်။ နောက်ပြီးတော့နှစ်ဘက်ရှေ့နေတွေလည်းရှိမယ်။သူတို့ကဘယ်နေ့မှာအပြီးစစ်မလဲဆိုတာညှိနှိုင်းသတ်မှတ်ကြမှာဖြစ်လို့ ဘယ်နေ့မှာအပြီးစစ်မလဲဆိုတာကအစည်းအဝေးအပြီးမှာသိရှိရမှာ ဖြစ်ပါတယ်" ဟု ဒေါ်သီတာနွယ်က ပြောသည်။

" သက်သေတွေကခိုင်မာလား၊မခိုင်မာလားကတော့မပြောနိုင်သေးပါဘူး။  ၂၆ယောက်တော့တင်သွင်းထားတယ်။ သက်သေတွေထဲမှာ ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ပါပါတယ်။ ဒေါ်နှင်းနုပါတယ်။အဲဒီသူတွေကတော့ ဒီအမှုမှာအရေးပါတဲ့သက်သေတွေအဖြစ်ကျွန်တော်တို့ဘက်က ယူဆထားပါတယ်" ဟု စွပ်စွဲခံရသူ၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး