ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရောက် ရှိခဲ့သော ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ကာတာလန်ကလပ်တွင် ပါဝင်ကစားရင်း အောင်မြင်မှုများစွာရရှိရန် မျှော်လင့်ထား ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဂရစ်ဇ်မန်းသည် ခန့် မှန်းသတင်းများအတိုင်း ဘာစီလိုနာသို့ပြောင်း ရွှေ့ကြေး ပေါင် ၁၀၈ သန်းဖြင့် ရောက်ရှိခဲ့သူ ဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ ဂရစ်ဇ် မန်း၏စာချုပ်လျော်ကြေးမှာ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီထက်ပိုများနေပြီး ပေါင် သန်း ၇၂၀ ဖြစ်သည်။ ဘာစီလိုနာသည် ဂရစ်ဇ်မန်း၏စာချုပ်လျော်ကြေး လျော့ကျမည့် ဇူလိုင် ၁ ရက်နောက်ပိုင်းမှသာ ခေါ်ယူခဲ့ရာ အက်သလက်တီကိုအသင်းအတွက် ခံပြင်းစရာ ဖြစ်ခဲ့ရသည်။
ဂရစ်ဇ်မန်း၏မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ရာ ဂရစ်ဇ်မန်းက ၎င်း၏သဘောထားအမြင်များကို ပြောဆိုခဲ့သည်။ ဂရစ်ဇ်မန်းသည် ဘာစီလိုနာအသင်း၌ ဘရာဇီး သားကော်တင်ဟို၏ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်မည်မဟုတ်ဘဲ ကျောနံပါတ် ၁၇ ဂျာစီကို ဝတ်ဆင်မည်ဖြစ်သည်။ ဘာစီလိုနာ ၏ ကျောနံပါတ် ၁၇ ဂျာစီကို ပီတစ်၊ ဗန်ဘွန် မဲလ်၊ အဲလက်စ်ဆောင်းနှင့် မူရီလိုတို့ဝတ်ဆင် ခဲ့ဖူးသည်။ ဂရစ်ဇ်မန်းသည် ကမ္ဘာ့အကောင်း ဆုံးကစားသမား မက်ဆီနှင့်တွဲဖက်ကစားရမည် ဖြစ်၍ ပျော်ရွှင်နေသည်။
ဂရစ်ဇ်မန်းက "ကျွန်တော့်အတွက်တော့ ဘာစီလိုနာအသင်းဟာ တကယ့်အသင်းကြီး ပါ။ ကျွန်တော့်အနေနဲ့ အသင်းအောင်မြင်မှု ပိုမိုရရှိအောင် အကူအညီပေးမှာပါ။ အကူအ ညီပေးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ကစားသမားအသစ်တွေနဲ့ လက်တွဲပြီး အလုပ် လုပ်ဖို့ တွေးနေတယ်။ နျူးကမ့်ကွင်းမှာ ကစားရ တော့မယ်။ ဘာစီလိုနာမှာကစားရင်း အောင် မြင်မှုများစွာရရှိဖို့ ကျွန်တော်မျှော်လင့်ထားပါ တယ်"ဟု ပြောဆိုခဲ့သည်။ ဆက်လက်၍ ဂရစ်ဇ်မန်းက ရှုပ်ထွေးခဲ့သည့် အပြောင်းအရွှေ့ ကိစ္စနှင့်ပတ်သက်၍ တောင်းပန်စရာလိုအပ် ပါက ကွင်းထဲ၌သာ တောင်းပန်သွားမည်ဖြစ် ကြောင်း အသိပေးခဲ့သည်။















