စင်ကာပူနိုင်ငံသားကပေးရန်ရှိသည့် ကျပ်သိန်းသုံးရာကျော်ကိုမပေးဘဲတိမ်းရှောင်

စင်ကာပူနိုင်ငံသားကပေးရန်ရှိသည့် ကျပ်သိန်းသုံးရာကျော်ကိုမပေးဘဲတိမ်းရှောင်

သာကေတမြို့နယ်တွင် စက္ကူကုန်ကြမ်းဖိုးငွေ ၃၅၃ သိန်းကျော်ဖိုးပေးစရာရှိသည်ကို မပေးဘဲတိမ်းရှောင်နေသူ စင်ကာပူနိုင်ငံသားကို ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်။
 

ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သာကေတမြို့နယ်ရှိ ဦးမောင်အေးစက္ကူရောင်းဝယ်ရေးလုပ်ငန်း၌ အလုပ်လုပ်ကိုင်သူ မခင်ချောစုအေးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင်ကြားရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ Enviro A One Industrial Co,.Ltd(Myanmar)၏ တာဝန်ရှိသူ စင်ကာပူနိုင်ငံသားခံယူထားသည့် Mrs. Eliza Yukiko Wong(ခ)အလီဇာက ၎င်း၏ကုမ္ပဏီသို့ စက္ကူ ကုန်ကြမ်း ပစ္စည်းများပေးပို့ရောင်းချရန် ညှိနှိုင်းလာသဖြင့် ဧပြီ ၁၀ ရက်မှ မေ ၁၆ ရက်အထိ စက္ကူကုန်ကြမ်း ပစ္စည်းအလေးချိန် ၁၆ တန်ကျော်ခန့်၊ တန်ဖိုး ၈,၄၄၃,၉၅၃ ကျပ်ကိုပေးပို့ခဲ့သည်။

အဆိုပါပေးပို့ထားသည့် စက္ကူကုန်ကြမ်းများ၏ တန်ဖိုးငွေကို ဇွန် ၂၇ ရက်တွင် နောက်ဆုံးထား၍ ငွေပေးချေရန် အကြောင်းကြားထားသော်လည်း ငွေပေးချေခြင်းမရှိဘဲ တိမ်းရှောင်နေသဖြင့် Mrs. ElizaYukikoWong(ခ)အလီဇာကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။

အလားတူ သာကေတမြို့နယ်နေ ဦးမြင့်ကြည်ကလည်း သာကေတမြို့နယ်ရှိ ၎င်းစက္ကူလုပ်ငန်းထံမှ စက္ကူကုန်ကြမ်းပစ္စည်း အလေးချိန် ၁၁၈ တန်ခန့်၊ တန်ဖိုး ၂၆,၈၅၆,၆၂၁ ကျပ်ကို ပေးပို့ခဲ့သော်လည်း ဇွန် ၂၇ ရက်တွင် နောက်ဆုံးထား၍ ငွေပေးချေရန် အကြောင်းကြားထားရာ ငွေပေးချေမှုမရှိဘဲ တိမ်းရှောင်နေသဖြင့် Mrs. Eliza Yukiko Wong(ခ)အလီဇာ ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

သာကေတမြို့မရဲစခန်းက(ပ)၈၄၅/ ၁၉၊ ၈၄၆/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၆ အရ အသီးသီးအမှုဖွင့် ထားသည်။