နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener တို့သည် နေရပ်စွန့်ခွာသူပြန်လည်လက်ခံရေး အစီအစဉ်စတင်ရန် ဇူလိုင် ၁၅ ရက်တွင် နေပြည်တော်၌ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမြင်များဖလှယ်
ထိုသို့တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွေ့အကြုံများ၊ မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာတင်သွင်း ရေးအတွက် ဆောင်ရွက်နေသည့်အစီအစဉ် များကို ရှင်းလင်းပြောကြားပြီး နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင် နိုင်ရေး၊ ရခိုင်ပြည်နယ်တွင် လူမှုအသိုက်အဝန်း များအကြား သဟဇာတဖြစ်စွာ ပြန်လည်ပေါင်း စည်းနေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံလိုအပ်ချက်များ ပိုမိုရရှိရေး၊ လုံခြုံရေးနှင့် လွတ်လပ်စွာ သွားလာခွင့်ရရှိရေး အပါအဝင် မြေပြင်အခြေအနေတိုးတက်မှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။
ဆွေးနွေးရန်ဖိတ်ကြား
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တို့ ဆက်လက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ အဆင်သင့်ရှိနေမှု၊ ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်ဆင်ထားမှုအခြေအနေများ ရှင်းလင်း ပြောကြားရန် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် မည့်ကိစ္စနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အား မြန်မာနိုင်ငံသို့လာရောက်၍ ဆွေးနွေးရန် ဖိတ်ကြားထားသည့် ကိစ္စများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

















