အင်းတော်မြို့နယ်တွင် ကျောက်စိမ်းတုံးများ ရာနှင့်ချီ တရားမဝင်သယ်ဆောင်လာသူလေးဦးကို သက်ဆိုင်ရာက ဇူလိုင် ၁၅ ရက်နေ့တွင် အမှုဖွင့် အရေးယူခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီခွဲတွင် အင်းတော်မြို့နယ် လယ်နောင်းကျေးရွာ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်တွင် ဖြတ်သန်းမောင်းနှင်လာသည့် ယာဉ်ပေါ်၌ ကျောက်စိမ်းများ သယ်ဆောင်လာကြောင်းသတင်းရ အင်းတော်မြို့မရဲစခန်းမှ ဒုရဲအုပ်သက်ဦးမောင် ဦးစီးသောရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် မန္တလေးတိုင်းဒေသကြီးနေ ယာဉ်မောင်း ရဲလင်းထွန်းမောင်းနှင်ပြီး အောင်ကြည်သောင်း လိုက်ပါလာသည့် ယာဉ်နှင့် ယာဉ်မောင်း အောင်ဇော်မင်း မောင်းနှင်လာပြီး ကျော်သူ လိုက်ပါစီးနင်းလာသည့် ယာဉ်တို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
အဆိုပါယာဉ် နှစ်စီးပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး (၂၇၆)တုံး၊စုစုပေါင်းအလေးချိန်(၉၅၈)ကီလိုဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့နှစ်ဦးကို အရေးယူ ပေးရန်တိုင်ကြားခဲ့သည်။
အင်းတော်မြို့မရဲစခန်းက ၄င်းတို့လေးဦးကို ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)အရ အမှုဖွင့်အရေးယူထားသည်။


















