ရခိုင်ပြည်နယ်လုံခြုံရေးနှင့် ပတ်သက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgene တို့ ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၁၆ ရက်က သတင်းထုတ် ပြန်ထားသည်။
တည်ငြိမ်အေးချမ်းရေး
ယင်းကဲ့သို့တွေ့ဆုံရာတွင် လတ်တလော ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများ၌ တပ်မတော်သားများက အရေးပေါ်ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးများဆောင်ရွက် ပေးနေမှုအခြေအနေများ၊ အေအေအဖွဲ့က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆောင်ရွက်နေမှုအခြေအနေ များ၊ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် တပ်မတော်အနေဖြင့် ဥပဒေနှင့် အညီ ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမရှိစေရေး CTFMR နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။
ပြန်လည်လက်ခံရေး
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ နေသူများအား ဥပဒေနှင့်အညီ ပြန်လည်လက်ခံ နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားလာနိုင်ရေး ခွင့်ပြုထားမှုအခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
ယင်းတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက် ရောက်ကြ ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

















