မန်ယူအသင်းသည် ၂၀၁၉-၂၀ ဘောလုံး ရာသီမစတင်မီ ဒုတိယမြောက် ခြေစမ်းပွဲ အဖြစ် လိဒ်ယူနိုက်တက်နှင့်ယှဉ်ပြိုင်ခဲ့ရာ လေး ဂိုးပြတ်အနိုင်ရခဲ့၍ ခြေစမ်းပွဲနှစ်ပွဲဆက်တိုက် နိုင်ပွဲရယူခဲ့သည်။
မန်ယူနှင့် လိဒ်ယူနိုက်တက် တို့၏ ခြေစမ်းပွဲကို သြစတြေးလျနိုင်ငံ ပတ်မြို့ တွင် ကစားခဲ့ခြင်းဖြစ်ပြီး ပရိသတ်ငါးသောင်း ကျော်ကြည့်ရှုခဲ့သည်။ မန်ယူနည်းပြ ဆိုးလ်ရှား သည် ပွဲထွက်လူစာရင်းတွင် ရက်ဖို့ဒ်၊ ပေါ့ဘာ၊ မာတာ၊ ဒန်နီရယ်ဂျိမ်းစ်၊ မက်တွန်မီနေး၊ ဂရင်း ဝုဒ်၊ ဘစ်ဆာကာ၊ ဘိုင်လေ၊ လင်ဒီလော့ဖ်၊ ရိုဂျိုနှင့် ဂိုးသမား ရိုမီယိုတို့ကို အသုံးပြုခဲ့သည်။ လိဒ်အသင်းတိုက်စစ်ကို ဘမ်ဖို့ဒ် ဦးဆောင် ကစားခဲ့သည်။
ဂိုးများ
မန်ယူသည် ပွဲချိန် ၇ မိနစ်၌ ဦးဆောင်ဂိုး ရခဲ့ပြီး ပေါ့ဘာ၏ အကွက်မြင်မှုမှတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါ့ဘာသည် ကွင်းလယ်မှ ညာတောင်ပံသို့ပြေးတက်လာ သော ဘစ်ဆာကာကို အလိုက်သင့်ဘောလုံး ပေးပို့ခဲ့သည်။
ဘစ်ဆာကာက ဂရင်းဝုဒ် ဂိုး သွင်းနိုင်ရန် ဖန်တီးပေးခဲ့သည်။ မန်ယူသည် ပွဲချိန် ၂၇ မိနစ်တွင် ဒုတိယဂိုးရခဲ့ပြီး ရက်ဖို့ဒ်က မက်တွန်မီနေး၏ ဘောလုံးပေးပို့မှုတစ်ဆင့် လိဒ်နောက်ခံလူကို ခြေယောင်ပြကျော်ဖြတ် ၍ ဂိုး၏ ဘယ်ဘက်ထောင့်သို့ သွင်းပေးခဲ့ သည်။
နည်းပြ ဆိုးလ်ရှားသည် ဒုတိယပိုင်း တွင် ကစားသမားများ လဲလှယ်အသုံးပြုခဲ့ပြီး မာရှယ်၊ လင်ဂတ်၊ မာတစ်၊ အက်ရှ်လေယန်း အစရှိသော ကစားသမားများပါ ဝင်ကစားခဲ့ သည်။
မန်ယူသည် ဒုတိယပိုင်း၌လည်း နှစ်ဂိုး သွင်းယူနိုင်ခဲ့ရာ ပွဲချိန် ၅၁ မိနစ်တွင် ဖီးလ်ဂျုံး ကလည်းကောင်း၊ ပွဲချိန် ၆၉ မိနစ်၌ မာရှယ်က ပင်နယ်တီမှတစ်ဆင့်လည်းကောင်း ဂိုးသွင်း ပေးခဲ့၍ လေးဂိုးပြတ်အနိုင်ရခဲ့သည်။ မန်ယူ သည် ဇူလိုင် ၂၀ရက်တွင် စင်ကာပူ၌ အင်တာ မီလန်နှင့် အိုင်စီစီဖလားပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။















