ရွှေပြည်သာမြို့နယ်၌ အဋ္ဌမတန်းကျောင်းသားအချင်းချင်း စကားများရန်ဖြစ်ရာက ကျောင်းပြင်ပတွင် ဓားဖြင့်ထိုးမှု ဇူလိုင် ၁၈ ရက် (ယနေ့)က ဖြစ်ပွားခဲ့သည်။
ယနေ့ ၁၁ နာရီခွဲအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ပန်းခြံစုဗဟိုလမ်းတွင် ကျောင်းသားတစ်ဦး ဓားဖြင့် ထိုးခံရသဖြင့် အင်းစိန်ဆေးရုံသို့ ရောက်နေကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေး ခဲ့သည်။
ဓားဖြင့်ထိုးခံရသူ ကျောင်းသားမှာ ရွှေပြည်သာမြို့နယ် အထက ၄ တွင် တက်ရောက်နေသည့် အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား ဖြစ်ပြီး ဓားဒဏ်ရာ သုံးချက်ရရှိထား သည်ကိုတွေ့ရသည်။ စုံစမ်းချက်အရ ဓားဖြင့်ထိုးသူ မှာ တစ်ကျောင်းတည်းနေ အဋ္ဌမတန်း (C)မှ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ၎င်းက ယမန်နေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောင်းအိမ်သာသို့ သွားစဉ် အပြန်တွင် အဋ္ဌမတန်း (င) အခန်းသို့ လှည်ကြည့်မိခဲ့ပြီး မိမိအခန်း (B) သို့ ပြန်လာခဲ့ကြောင်း သိရသည်။
အခန်းသို့ပြန်ရောက်စဉ် အဋ္ဌမတန်း (C)အခန်းမှ အသက် ၁၆ နှစ်အရွယ်ကျောင်းသားက နောက်မှလိုက်လာပြီး အပြန်အလှန်စကားများ ရန်ဖြစ်ကာ အသက် ၁၆ နှစ်အရွယ်ကျောင်းသားက အသက် ၁၅ နှစ်အရွယ်ကျောင်းသားကို ပါးတစ်ချက်ရိုက်ခဲ့သည်ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အခင်းဖြစ်နေ့တွင် အသက် ၁၅ နှစ်အရွယ်ကျောင်းသားက ကျောင်းသို့ မသွားဘဲ ၎င်းကို ပါးရိုက်ခဲ့သည့် အသက် ၁၆ နှစ်အရွယ်ကျောင်းသား၏ ကျောင်းဆင်းအပြန်ကိုစောင့် ကာ ပန်းခြံစုဗဟိုလမ်းပေါ်အရောက်တွင် အရိုးအသွား(၁၀)လက်မခန့် ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ထိုးခံရသူ အသက် ၁၆ နှစ်အရွယ်ကျောင်းသား မြေပြင်ပေါ်သို့လဲကျသွားစဉ် အနီးရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူကို အင်းစိန်ဆေးရုံသို့ တင်ပို့ကုသ ထားကြောင်း သိရသည်။
ရွှေပြည်သာ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၂၆ ဖြင့် ကနဦး အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















