တရုတ်နံနံဖျော်ရည်သောက်ကြမယ်

တရုတ်နံနံဖျော်ရည်သောက်ကြမယ်

ခေါက်ဆွဲကြော်၊ အစိမ်းကြော်နဲ့ ဟင်းချိုတွေစွပ်ပြုတ်တွေမှာပဲ တရုတ်နံနံကိုဟင်းခတ်မွှေးအကြိုင်အနေနဲ့ သုံးလို့ရတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်အောင် ဖျော်သောက်လို့လည်းရပါတယ်။ တရုတ်နံနံဖျော်ရည်သောက်တာကကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုတာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါ။

တရုတ်နံနံကနေရတဲ့ အာဟာရဓာတ်

တရုတ်နံနံမှာ
•    ဗီတာမင် K
•    ဗီတာမင် A
•    ဗီတာမင် B2
•    ဗီတာမင် B6
•    ဗီတာမင် C
•    ဖောလိတ်
•    ပိုတက်ဆီယမ်
•    မဂ္ဂနိ့
•    အမျှင်ဓာတ် နဲ့
•    pantothenic acid တို့ပါဝင်ပါတယ်။

တရုတ်နံနံဖျော်ရည်ကပေးတဲ့ ကျန်းမာရေးအာနိသင်

တရုတ်နံနံကို ရေစင်အောင်ဆေးလို့ ကြိတ်ဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည်က ခန္ဓာကိုယ်ကိုကျန်းမာစေဖို့တော်တော်လေးအထောက်အကူပြုပေးတာပါ။

နှလုံးကျန်းမာစေနိုင်တယ်

တရုတ်နံနံမှာသွေးကြောနံရံတွေကိုကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကိုကျန်မာသန်စွမ်းစေနိုင်တဲ့ phthalides ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာတွေကနေကာကွယ်နိုင်မှာပါ။ တရုတ်နံနံဖျော်ရည်သောက်သုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ရာရောက်သလို သွေးတွင်းသကြားဓာတ်၊သွေးတွင်းအဆီဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိရာလည်းရောက်သလို နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာလည်းရောက်ပါတယ်။

သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်

တရုတ်နံနံမှာသံဓာတ်ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေတိုးပွားစေပြီးကိုယ်တွင်းမှာ သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အောက်ဆီဂျင်ရောက်ရှိမှုကောင်းစေပြီးဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

တရုတ်နံနံဖျော်ရည်မှာပါတဲ့ luteolinနဲ့ apigeninဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကကင်ဆာကိုကာကွယ်ပေးနိုင်သလို ဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးပြီးကင်ဆာကျိတ်တွေ မဖြစ်လာအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နေခဲ့ရင်တောင် ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုနှုန်းကို နှေးစေနိုင်ပါတယ်။

အသားအရေကိုထိန်းသိမ်းပေးနိုင်ပါတယ်

ဗီတာမင် K၊ ဗီတာမင် Aနဲ့ ဗီတာမင် C တို့ပါဝင်နေမှုကြောင့် အသားအရေကိုအကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ နဲ့ အသားအရောင်မညီတာတွေကိုသက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ နှင်းခူလိုမျိုးအရေပြားပြဿနာတွေကိုလည်းသက်သာစေနိုင်ပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်

ဆီးရွှင်စေပြီးဆီးကနေတဆင့် ကိုယ်တွင်းထဲကအဆိပ်အတောက်တွေ၊ ပိုလျှံနေတဲ့ ဆားဓာတ်တွေကိုအလျင်မြန်ဆုံးဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက အသည်းကိုလည်းကျန်းမာစေနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်

တရုတ်နံနံမှာပါတဲ့ luteolin က ခန္ဓာကိုယ်က တစ်ရှုးတွေနဲ့ ကြွက်သားတွေရောင်ရမ်းမှုကို လျှော့ပါးသက်သာစေနိုင်ပါတယ်။ အဆစ်အမြစ်နာကျင်တာ၊ အဆစ်ရောင်ရမ်းတာနဲ့ လေးဖက်နာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ အစာအိမ်ဝေဒနာခံစားနေရသူတွေအတွက်လည်း တကယ့်ကို သောက်ပေးသင့်တဲ့ ဖျော်ရည်တစ်မျိုးပေါ့။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ဗီတာမင် C ပါဝင်တာကြောင့် သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကိုအကောင်းဆုံးတည်ဆောက်ပေးပါတယ်။ ခန္ဓာကိုယ်ကိုဖျားနာမှုကင်းစေနိုင်သလိုကူးစက်ရောဂါတွေကနေအထိရောက်ဆုံးကာကွယ်ချင်ရင်တော့ မေ့ထားလို့မဖြစ်ပါဘူး။

အရိုးတွေကိုသန်မာစေနိုင်တယ်

တရုတ်နံနံဖျော်ရည်မှာပါတဲ့ သတ္တုဓာတ်တွေကအရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးအဆစ်တွေကိုအာဟာရဓာတ်တွေ အကောင်းဆုံးဖြည့်ပေးနိုင်ပြီးအသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပါးတာနဲ့ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ပျော်စေနိုင်တယ်

တရုတ်နံနံကအိပ်စက်မှုကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီး နှလုံးခုန်နှုန်းကိုလည်းအကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာတရုတ်နံနံဖျော်ရည်သောက်ပေးတာကတစ်ညတာလုံးကို ကောင်းကောင်းအိပ်ပျော်စေနိုင်ပြီးမနက်ခင်းမှာအင်အားပြည့်ဝစွာနဲ့ နိုးထနိုင်စေပါတယ်။

ကဲ…… ခန္ဓာကိုယ် ကျန်းမာစေဖို့ တစ်နေ့ကိုတရုတ်နံနံဖျော်ရည် တစ်ခွက်သောက်သုံးပေးပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021