၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်ဖြစ်ရပ်မြင်ကွင်း....

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်ဖြစ်ရပ်မြင်ကွင်း....

အပိုင်း (၁) (ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များအားလုပ်ကြံခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်းသော လူသိနည်းသည့် အလှည့်အပြောင်းဖြစ်ရပ် များအား မျှဝေပေးခြင်းဖြစ်ပါသည်။)

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် (စနေနေ့)ဖြစ်သည်။ နံနက်ကတည်းက မိုးသည် ရွာလိုက် တိတ်လိုက်ဖြင့် ရန်ကုန်မြို့သည် စွတ်စိုနေသည်။

အတွင်းဝန်ရုံး (နောင်တွင်ဝန်ကြီးများရုံး)အပေါ်ထပ် ဗိုလ်ချုပ်အောင်ဆန်းရုံးခန်းနှင့်ဆက်နေသော အစည်းအဝေးခန်းထဲတွင်ကား ဘုရင်ခံအမှုဆောင်ကောင်စီ ဒုတိယသဘာပတိ (ဝန်ကြီးချုပ်) ဗိုလ်ချုပ်အောင်ဆန်း သဘာပတိ အဖြစ် ဆောင်ရွက်သော ဘုရင်ခံအမှုဆောင် ကောင်စီ (ဝန်ကြီးများအဖွဲ့) အစည်းအဝေးအား နံနက် ၁၀ နာရီ ၁၀ မိနစ်မှစတင်၍ ကျင်းပလျက် ရှိသည်။

၁၀ နာရီခွဲခန့်တွင် နံပါတ်အတု (၁၈၁၄) တပ်ဆင်ထားသော ဂျစ်ကားတစ်စီးသည် စပတ် လမ်း (ဗိုလ်အောင်ကျော်လမ်း) ဂိတ်ပေါက်မှ ဝင်လာပြီး အတွင်းဝန်ရုံးလှေကားရင်းနားတွင် ရပ်လိုက်သည်။

ကားပေါ်တွင် လူတစ်ဦးကျန်ရစ်ပြီး အမှတ် (၁၂) စစ်တပ် ခြင်္သေ့ပခုံးတံဆိပ်တပ် အစိမ်းရင့် ရောင် စစ်ဝတ်စုံဝတ်၊ စစ်ဦးထုပ်ဆောင်းပြီး မောင်းပြန်သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသူ လေးဦးသည် ကားပေါ်မှဆင်း၍ လှေကားပေါ် တက်သွားကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းရှေ့သို့ရောက်သောအခါ ရုံးခန်းဝရှိ ရုံးခန်း စောင့်ကိုသေနတ်ဖြင့်ချိန်၍ တွန်းဖယ်ကာ အစည်းအဝေးခန်းထဲသို့ ဝင်ရောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့အား မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်လုပ်ကြံကြတော့သည်။

ဦးစော ဦးဆောင်စီစဉ်သော ထိုလုပ်ကြံမှု ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဝန်ကြီး များဖြစ်ကြသော သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား ကြီးစဝ်စံထွန်းနှင့် အတွင်းဝန် ဦးအုန်းမောင်တို့ ကျဆုံးခဲ့ရလေသည်။

လူသတ်သမားလေးဦး (မောင်စိုး၊ သက်နှင်း၊ မောင်စိန်နှင့် ရန်ကြီးအောင်)တို့သည် အစည်း အဝေးခန်းမှ ပြန်ထွက်လာပြီး အောက်ထပ်သို့ ဆင်းရန် လှေကားရှိရာသို့ အသွားတွင် လှေကား ထိပ်ရှိ ဦးရာဇတ်၏ ရုံးခန်းထဲမှ ဒသမ ၃၂ ခြောက်လုံးပြူးကိုင်ကာ ထွက်လာသော သက်တော် စောင့် ရဲဘော်ကိုထွေးကိုတွေ့၍ ရန်ကြီးအောင်က စတင်းသေနတ်ဖြင့်ပစ်ခတ်ရာ ရဲဘော်ကိုထွေး လည်း ကျဆုံးခဲ့ရပေသည်။

ရန်ကုန်မြို့ကား "မိုးရေစက်" တို့ဖြင့် စွတ်စို ရာမှ "သွေးစက်"တို့ ဖုံးလွှမ်းခဲ့ပြီဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ကြီး ကိုးဦးသည် ဦးစောအဖွဲ့၏ လုပ်ကြံမှုကြောင့် ကြမ္မာဆိုးနှင့်ကြုံတွေ့ပြီး ကျဆုံးခဲ့ရပေရာ ထိုပုဂ္ဂိုလ်ကြီးများ လွတ်လပ်ရေးအုတ်မြစ်ချရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံအတွက်ပါ "ကံဆိုး မိုးမှောင်ကျသည့်နေ့"ဟု ဆိုရပါမည်။

ဤဖြစ်ရပ်ဆိုးကြီး၏ နောက်ကွယ်တွင် "ကံကောင်းထောက်မ၍" အသက်ဘေးမှ လွတ်မြောက်သွားသူများရှိသကဲ့သို့ "ကံဆိုး၍" အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားသူများကို လည်း တွေ့ရှိကြရပါသည်။

ထိုလုပ်ကြံမှုကြီးတွင် အဓိကခေါင်းဆောင် ဖြစ်သူ ဂဠုန်ဦးစော (ခေါ်) ဦးစောမှာ ခုနစ်တန်းပင် မအောင်ဘဲ အောက်တန်းရှေ့နေ လက်မှတ် ကိုသာရသူဖြစ်သော်လည်း ကြိုးစား၍ လုံ့လ ဝီရိယဇွဲရှိသောကြောင့် နန်းရင်းဝန်ရာထူးအထိ ရရှိခဲ့သူဖြစ်သည်။

အလိုကြီး၍ အရှက်အကြောက်ကင်းပြီး လက်ရဲ ဇက်ရဲရှိကာ အခွင့်အရေးကို မြင်တတ်၊ ယူတတ်သည့်အပြင် ဗိုလ်ချုပ်အပေါ် ရန်ငြိုးထား ခဲ့သဖြင့် ဤလုပ်ကြံမှုကြီးကို ဖန်တီးခဲ့ခြင်းဖြစ် သည်။

ဤအထမြောက်သော လုပ်ကြံမှုကြီးမတိုင်မီ ကလည်း ဦးစောသည် ဗိုလ်ချုပ်အား နှစ်ကြိမ် တိုင်လုပ်ကြံရန် ကြိုးစားခဲ့ဖူးသေးသည်။ ပထမ အကြိမ်မှာ စစ်တပ်များကိုအုပ်ချုပ်သော အင်္ဂလိပ်လူမျိုးဗိုလ်ချုပ်ကြီး၏ ပြည်လမ်းရှိ နေအိမ်တွင် (ဃသခုအငေူ စမေအပ)ကျင်းပသော ည၌ ဗိုလ်ချုပ်အားသေနတ်ဖြင့် ပစ်ခတ်ရန် တပည့် ခင်မောင်ရင်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲသို့ ဗိုလ်ချုပ်ရောက်ရှိလာသော်လည်း ဗိုလ်ချုပ်မလာရောက်ခဲ့ပါဟု ဦးစောအား လိမ် လည်၍ သတင်းပို့ခဲ့လေသည်။ (ခင်မောင်ရင်၏ ထွက်ဆိုချက်)

ဒုတိယအကြိမ်မှာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၂ ရက် စနေနေ့တွင်ဖြစ်သည်။ ဝန်ကြီးများ အစည်းအဝေးတွင် တပည့်များနှင့် လုပ်ကြံရန် ကြိုးစားခဲ့ရာ အခန်းတံခါး အပိတ်စောခြင်း၊ ဝန်ကြီးများပြန်သွားကြခြင်းတို့ကြောင့် မလုပ်ကြံ ဖြစ်ခဲ့ပေ။ (ဘညွန့်၏ ထွက်ဆိုချက်)ထိုကိစ္စတွင် ဦးစောက တပည့်များမလုပ်ရဲကြ၍ လိမ်ပြောသည်ဟု ထင်ခဲ့ပြီး တတိယ အကြိမ်တွင်မူ ယခင်အခေါက်များကမပါဝင်ခဲ့သော ထက်မြက်၍ အတွေ့အကြုံရှိသူ ဘညွန့် (နောင်တွင်အမှုကို ဖော်ကောင်လုပ်သဖြင့် ဖော်ကောင်ဘညွန့်ဟုလူသိများခဲ့သူ)ကိုပါထည့် သွင်း၍ တာဝန်ပေးခဲ့လေသည်။

အပိုင်း (၂)

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် လုပ်ကြံမှုကြီးတွင် ဦးစော၏အစီအစဉ်မှာ ဤသို့ဖြစ်သည်-

- "ဖို့ဆန်ထရပ်ကားကို ခင်မောင်ရင်ကမောင်း ပြီးဘညွန့်၊ မှုံကြီး၊ မောင်နီတို့ လိုက်ပါသွားရမည်။

ကားကိုအတွင်းဝန်ရုံးဝင်း အပြင်ဘက်တွင် ရပ်ထားပြီး မောင်နီက ကားကိုစောင့်နေရမည်။

ခင်မောင်ရင်က ရုံးဝင်းထဲဝင်၍ ဝန်ကြီးများ အစည်းအဝေးလုပ်ဖြစ်၊ မလုပ်ဖြစ်လေ့လာပြီးဖုန်း ဆက်၍ ဦးစောထံ စကားဝှက်ဖြင့် သတင်းပို့ရမည်။

ဘညွန့်ကဝင်းအတွင်းရှိ လွှတ်တော် အဆောက်အအုံသို့သွား၍ လွှတ်တော်ဥက္ကဋ္ဌ သခင်နုရုံးခန်းထဲတွင် ရှိ မရှိကြည့်ရမည်။ ခင်မောင်ရင်ထံမှ အစည်းအဝေးလုပ်ဖြစ်ကြောင်း သတင်းပို့ချက်ရလျှင် ဂျစ်ကားကို သုခကမောင်း၍ မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်တို့ လိုက်ပါပြီး အတွင်းဝန်ရုံးသို့သွားရမည်။

ရုံးအောက်တွင် ဂျစ်ကားကို စက်မသတ်ဘဲ ရပ်ထားပြီး သုခက အသင့်စောင့်ကျန်ရစ်ရမည်။

ကျန်လေးဦးက အစည်းအဝေးခန်းသို့ ဝင်ရောက်ပြီး မောင်းပြန်သေနတ်များဖြင့် ဗိုလ်ချုပ် နှင့် ဝန်ကြီးများကို ပစ်ခတ်သတ်ဖြတ်ရမည်။

ဘညွန့်သည် ဂျစ်ကားပေါ်တွင် အပိုပါလာ သော တော်မီသေနတ်ကိုယူပြီး အစည်းအဝေး ခန်းမှ သေနတ်သံများကြားသောအခါ သခင်နုအား ပစ်ခတ်သတ်ဖြတ်ရမည်။

ထို့နောက် ဘညွန့်သည် ရုံးပေါ်မှ ပြန်ဆင်း လာသူများနှင့်အတူ ဂျစ်ကားဖြင့်ပြန်လာရမည်။

ကျန်လူများလည်း ရုံးဝင်းအပြင်ဘက်ရှိ ထရပ်ကားဖြင့် ပြန်လာကြရမည်။

ဤကား ဦးစော၏ စီမံချက်ဖြစ်ပေသည်။

ဇူလိုင် ၁၉ ရက် နံနက်တွင် အတွင်းဝန်ရုံး အပြင်သို့ ထရပ်ကားရောက်သွားပြီးနောက် ခင်မောင်ရင်က အခြေအနေကိုလေ့လာပြီး အနီးရှိ "သူရိယ" သတင်းစာတိုက်မှ တယ်လီ ဖုန်းဖြင့် အစည်းအဝေးလုပ်ဖြစ်ကြောင်းကို စကားဝှက်သုံးကာ "ပစ္စတင်ကွင်းများယူပြီးပါပြီ"ဟု ဦးစောအား သတင်းပို့လိုက်သည်။

သခင်နုကိုလုပ်ကြံရမည့် ဘညွန့်သည် ၁၉၃၆ ခုနှစ် ကျောင်းသားပေါင်းစုံသပိတ်တွင် ပါဝင်ခဲ့စဉ်က သခင်နုသည် သပိတ်ခေါင်းဆောင် အဖြစ် သူ့ကို ဝံသာနုစိတ်ဓာတ် စတင်ပြုစုပျိုး ထောင်ပေးခဲ့သူဖြစ်သဖြင့် သခင်နုကိုသတ်ရန် အတော်ဝန်လေး၍ ချီတုံချတုံဖြစ်နေသည်။ သို့သော် အတွင်းဝန်ရုံးကို မြင်လိုက်ရချိန်တွင်တော့ ဦးစောခိုင်းတာလုပ်တော့မည်ဟု ဆုံးဖြတ်ချက်ချ လိုက်သည်။

ဘညွန့်သည် ရုံးဝင်းထဲရှိ လွှတ်တော် အဆောက်အအုံသို့လျှောက်သွားကာ သခင်နု၏ ရုံးခန်းပြတင်းပေါက်မှအတွင်းသို့ လှမ်းကြည့်ရာ လူတစ်ဦး၏ မျက်နှာအထက်ပိုင်းကို မြင်ရ သည်။

နောက်တစ်ခေါက်လျှောက်ပြီး ထပ်ကြည့်ရာ ထိုသူမှာ သခင်နုမဟုတ်ဘဲ အယ်လ်ပတ်ကား တိုက်ပုံ အနက်ဝတ်ထားသော ဦးကျော်မြင့်ကလေး ဖြစ်နေသည်။ သခင်နု ထိုနေ့က ရုံးမတက်ပါ။

ဘညွန့် ပျော်သွားသည်။ ထရပ်ကားရှိရာသို့ ပြန်သွားပြီး စောင့်ဆိုင်းနေကာ ထရပ်ကားနှင့်ပြန် လာခဲ့သည်။ သခင်နု အလွန်ပင်ကံကောင်းသွား သည်။

သခင်နုသည် အသက်ဘေးမှ လွတ်မြောက် သွားရုံသာမကဘဲ ဗိုလ်ချုပ်ကျဆုံးပြီးနောက် အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်ရကာ မြန်မာ နိုင်ငံ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက်တွင်လည်း (အိမ်စောင့် အစိုးရအုပ်ချုပ်ချိန်မှလွဲ၍) ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းယူချိန်အထိ "ဝန်ကြီးချုပ်ဦးနု"အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင် နိုင်ခဲ့သည်။

အပိုင်း (၃)

ဇူလိုင်လ ၁၉ ရက်နေ့ နံနက်တွင် အစည်း အဝေးလုပ်ဖြစ်ကြောင်း ခင်မောင်ရင်က သတင်း ပို့သောအခါ ဦးစောသည် ဂျစ်ကားအဖွဲ့ကို ထွက်ခိုင်းလိုက်သည်။

သုခက ကားမောင်းပြီး မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်တို့ မောင်းပြန်သေနတ် ကိုယ်စီဖြင့် လိုက်ပါသွားကြသည်။

ဦးစောသည် ယခင်ကပင် ၎င်းတို့ တစ်ဦး ချင်းအား "မျိုးချစ်ပါတီကို သစ္စာဖောက်မိ၍ မိမိကိုယ်ကို သတ်သေသွားပါသည်" ဟု ရေးသား လက်မှတ်ထိုးခိုင်းထားရာ ဦးစောသတ်မည်ကို ကြောက်ရွံ့ရခြင်း၊ ဗိုလ်ချုပ်ကဲ့သို့ တစ်နိုင်ငံလုံး လေးစားသော ပုဂ္ဂိုလ်ကို လုပ်ကြံရမည်ဖြစ်ခြင်း တို့ကြောင့် သူတို့အများစုမှာ ဝန်လေးနေကြသည်။

လမ်းခရီးတွင် ကားမောင်းသူ သုခက ဂျစ် ကားမှောက်သွားစေရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့။ အတွင်းဝန်ရုံး လှေကားခြေရင်းသို့ ဂျစ်ကားရောက်သွားသောအခါ စိန်ကြီးက ကား နှင့် သူတို့ပြန်သွားကြရန်ပြောရာ သက်နှင်းက တားမြစ်ကာ ပေးထားသောအမိန့်အတိုင်းဆောင် ရွက်ရန်ခိုင်းလေသည်။ ထို့နောက် မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့ တော်မီ သေနတ်ကိုယ်စီကိုင်ကြပြီး ရန်ကြီးအောင်က စတင်းသေနတ်ကိုင်ကာ ရုံးပေါ်သို့ လှေကားမှ တက်ကြသည်။

အပေါ်ထပ်ကော်ရစ်ဒါရှိ ဝန်ထမ်းနှစ်ဦး၊ သုံးဦးရုံးခန်းထဲမှ ဝန်ထမ်းအချို့က ထူးဆန်းသလို ကြည့်နေကြသော်လည်း သူတို့ဟန်မပျက်လျှောက် လာကြရာ အစည်းအဝေးခန်းအနီးတွင်ရှိသော (ထရပ်ကားဖြင့်ကြိုရောက်ပြီး လေ့လာထားသူ) မှုံကြီးကခေါင်းညိတ်၍ အချက်ပြသည်။ ၎င်းတို့ထဲမှတစ်ဦးက အစည်းအဝေးခန်း တံခါးကိုဖွင့်ရာ တံခါးပေါက်တွင်စောင့်နေသော ရုံးလုလင် မောင်သောင်းစိန်ကတားသည်။ သက်နှင်းကသေနတ်နှင့်ချိန်ပြီး တစ်ဦးက မောင်သောင်းစိန်ကိုတွန်းဖယ်ကာ သေနတ်သမား လေးဦး အခန်းထဲသို့ ဝင်သွားကြရင်း "မထနဲ့၊ မပြေးကြနဲ့" ဟု အော်လိုက်ကြသည်။ ရှေ့ဆုံးမှဝင်သွားသူ ရန်ကြီးအောင်က "ဂငယ်" ပုံစံ အစည်းအဝေးစားပွဲကြီး၏အဝမှ ဝင်၍ ခြေစုံရပ်ပြီး ဗိုလ်ချုပ်ကို သေနတ်ဖြင့်စပစ်တော့ သည်။

ဗိုလ်ချုပ်က ထိုင်ရာမှထကာ လက်ကာပြရင်း တစ်စုံတစ်ခု အော်ပြောပြီး သေနတ်ဒဏ်ရာများဖြင့် သူ၏လက်ယာ အနောက်ဘက်ရှိ ရုံးစားပွဲသို့ ကြိုးစားလျှောက်သွားရင်း စားပွဲနှစ်ခုကြား၌ ကျဆုံးခဲ့ရလေသည်။ သေနတ်သမားများသည် အစပိုင်းတွင် ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်၏လက်ယာဘက်ရှိ သခင်မြ တို့စားပွဲမှ ဝန်ကြီးများကို သဲသဲမဲမဲစုပြုံပစ်ခတ် ကြရာ စားပွဲထိပ်ရှိ အတွင်းဝန် ဦးအုန်းမောင်၊ ဝန်ကြီးများဖြစ်ကြသောသခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့မှာ မရှောင်တိမ်းနိုင်ဘဲ ဒဏ်ရာအများအပြားရရှိကာ ကျဆုံးကြရှာလေသည်။

ထိုအချိန်တွင် ဗိုလ်ချုပ်၏ လက်ဝဲဘက်၌ ရှိသူများမှာ ကံကောင်းထောက်မစွာလှုပ်ရှားရန် အချိန်ရကြ၏။

ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်နှင့် ဝန်ကြီး ပျော်ဘွယ်ဦးမြတို့သည် ချက်ချင်းထကာ အစည်းအဝေးခန်း ပြတင်းပေါက်မှကျော်၍ အနီးတွင်ကပ်လျက်ရှိသော ဦးရွှေဘော်၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။

နောက်ထပ် ကံထူးသူဝန်ကြီး ဦးဘဂျမ်းကား သေနတ် သမားများ စတင်ပစ်ခတ်သည်နှင့် ကြမ်းပြင်ပေါ်သို့ထိုးမှောက် အိပ်ချလိုက်ပြီး သူနှင့်ကပ်လျက်ထိုင်နေသူ ဝန်ကြီး ဦးအောင်ဇံ ဝေကိုလည်း ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်သည်။လက်ယာဘက်မှ လူများကိုပစ်ခတ်ပြီးနောက် လူသတ် သမားများက လက်ဝဲဘက်သို့လှည့်၍ ပစ်ခတ်သောအခါ ကြမ်းပြင်ပေါ်ရှိ ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေတို့ နှစ်ဦးကို သေဆုံးပြီထင်၍ များများထပ်မပစ်တော့ပေ။ ရှေ့ဆုံးမှ ဝင်ရောက်ပစ်ခတ်သူ ရန်ကြီးအောင်သည် မတ်တတ်အနေအထားဖြင့်လှည့်ပတ်ကာ အားရအောင် ပစ်ခတ်ပြီးနောက် ဒူးထောက်ပြီး စားပွဲအောက်ကြမ်းပြင် ပေါ်ရှိ လူများကိုတစ်ချက်နှစ်ချက် ဝှေ့ယမ်းပစ်ခတ်လိုက်ရာ ကျည်ဆန်တစ်တောင့်မှာ ဦးဘဂျမ်း၏ လက်ယာလက် သြွူကယ်ထိပ်ကို ထိမှန်သွားလေသည်။

ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင်ထိုင်သူ ငါးဦးအနက် လေးဦးမှာ ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ် မြောက်ခဲ့သော်လည်း လူသတ်သမားများနှင့် အနီးဆုံးစားပွဲ စွန်းတွင်ထိုင်သည့် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းမှာ လှုပ်ရှား ချိန်မရဘဲ အနီးကပ်ပစ်ခတ်ခြင်းခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေသည်။ လူသတ်သမားလေးဦးသည် အစည်းအဝေးခန်းမှပြန် ထွက်လာရာ သတင်းထောက်များအခန်းမှ လှေကားရှိရာသို့ ထွက်လာသော သတင်းထောက်မောင်သန်းကို တွေ့သဖြင့် "ရပ်လိုက်"ဟုအော်ပြောကြသည်။ မောင်သန်းက ကြမ်းပြင် ပေါ်သို့ ကိုယ်ကိုလှဲချပြီးနေလိုက်ရာ ပစ်ခတ်ခြင်း မခံရပေ။

ထို့နောက် လှေကားထိပ်နားရှိ ဦးရာဇတ် အခန်းတံခါးဝမှ သက်တော်စောင့်ရဲဘော်ကိုထွေးသည် ဒသမ ၃၂ခြောက်လုံး ပြူးကိုကိုင်၍ထွက်လာရာ လူသတ်သမားများထဲမှ ရန်ကြီး အောင်က စတင်းသေနတ်ဖြင့်ပစ်လိုက်သဖြင့် ရဲဘော် ကိုထွေးမှာ ရုံးခန်းထဲသို့ လဲကျသွားလေသည်။ "ရဲဘော်ကိုထွေးမှာ ကျဆုံးသူများထဲတွင် အသက်အငယ် ဆုံး အသက် (၁၈)နှစ်သာ ရှိသေးသူဖြစ်ပြီး ရန်ကြီးအောင် မှာလည်း လူသတ်သမားများတွင် အငယ်ဆုံးအသက် (၁၆) နှစ်သာရှိသေးသူဖြစ်သည်။"လူသတ်သမားများသည် လှေကားမှဆင်းကာ လှေကားရင်းရှိ ဂျစ်ကားဖြင့် အတွင်း ဝန်ရုံးမှ ဦးစော၏နေအိမ်သို့ ပြန်လည်ထွက်ခွာသွားကြလေ တော့သည်။

အပိုင်း (၄)

ထိုနေ့က လူသတ်သမားများလက်ချက်ဖြင့် ဗိုလ်ချုပ်သည် ကျည် ၁၃ချက်၊ သခင်မြသည် နှစ်ချက်၊ မန်းဘခိုင်သည် ၁၅ချက်၊ ဦးဘဝင်းသည် ရှစ်ချက်၊ ဦးရာဇတ်သည် ခြောက်ချက်ထိမှန်ကာ ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ကြရှာသည်။

ကျည်ငါးချက်ထိမှန်သူ ဒီးဒုတ်ဦးဘချိုသည် ထိုနေ့ မွန်းလွဲ ၁နာရီ မိနစ် ၄၀တွင်လည်းကောင်း၊ ကျည်လေး ချက်ထိမှန်သူ ရဲဘော်ကိုထွေးသည် မွန်းလွဲ ၂နာရီ ၁၅မိနစ် တွင်လည်းကောင်း ကွယ်လွန်ခဲ့ကြပြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းမှာ နောက်နေ့မွန်းတည့် ၁၂နာရီတွင် ကွယ်လွန် သွားခဲ့သည်။ ထိုနေ့က ကံကောင်းထောက်မ၍ လုပ်ကြံမှုနှင့် လွဲခဲ့ ရသူ သုံးဦးလည်းရှိပါသေးသည်။ ထိုပုဂ္ဂိုလ်တို့မှာ ပြည်တွင်း တွင် ခရီးထွက်နေသူ ဝန်ကြီးစောစံဖိုးသင်၊ ပြည်ပသို့ ခရီး ထွက်နေသူဝန်ကြီးဦးကျော်ငြိမ်းနှင့် ဝန်ကြီး ဦးတင်ထွဋ်တို့ပင် ဖြစ်သည်။ နောက်ထပ် ကံအလွန်ကောင်းသူမှာ အတွင်းဝန်ဦးကြင် ဖြစ်သည်။ မူလအစည်းအဝေးအစီအစဉ်အရ လုပ်ကြံမှု ဖြစ်ပွားချိန်တွင် ဦးကြင်တင်ပြရမည့်အလှည့်ဖြစ်သော်လည်း အတွင်းဝန် ဦးအုန်းမောင်တွင် အခြားအရေးကြီးသည့် ကိစ္စရှိနေ၍ အစိုးရအတွင်းဝန် ဦးရွှေ ဘော်၊ အတွင်းဝန် ဦးကြင်တို့နှင့် ညှိနှိုင်းကာ ဦးအုန်းမောင်က ဝင်ရောက်တင်ပြ ခဲ့ခြင်းဖြစ်ရာ ဦးကြင်ကိုယ်စား ဦးအုန်းမောင်ကဝင်၍ အသေခံသလို ဖြစ်သွားခဲ့ရသည်။

ထိုနေ့က အခြား"ကံကောင်းသူ" "ကံဆိုးသူ"နှစ်ဦးလည်း ရှိပါသေးသည်။

ဝန်ကြီး ဦးရာဇတ်၏ အပါးတော်မြဲ ဦးချစ်ဆွေနှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့မှာ မန္တလေးမြို့ ဗဟို အမျိုးသားအထက်တန်းကျောင်းထွက် ဆရာကြီးဦးရာဇတ်၏ တပည့်များဖြစ်ကြရာ ဦးရာဇတ်အပေါ်တွင် သံယောဇဉ်ကြီး ကြလေသည်။

ရဲဘော်ကိုထွေးမှာ နေပြည်တော် ရဲအုပ်အဆင့်ဖြင့် သက်တော်စောင့် တာဝန်ထမ်းဆောင်နေသော်လည်း ဝတ်ဆင်ရမည့် ရဲဝတ်စုံကို မထုတ်ယူရသေးသဖြင့် ကျောင်း သားဘဝက ပါဝင်ဆောင်ရွက်ခဲ့သော (ဖက်ဆစ်ဆန့်ကျင် ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်- ဖဆပလလက် အောက်ခံ) ပြည်သူ့ရဲဘော်တပ်ဖွဲ့ ဝတ်စုံကိုသာ ထိုနေ့အထိ ဝတ်ဆင်လျက်ရှိသည်။

ထိုနေ့ နံနက်တွင် ဦးချစ်ဆွေက ရဲဘော် ကိုထွေးအား "ပုလိပ်မင်းကြီးရုံးသို့သွားရောက်၍ နေပြည်တော်ရဲအုပ် ဝတ်စုံနှင့် ဒသမ ၃၈ခြောက်လုံးပြူးကို ထုတ်ယူရန်" ပြော ခဲ့ရာ ကိုထွေးက အစည်းအဝေးပြီးမှ သွားထုတ်မည်ဟုပြောပြီး မသွားဘဲနေခဲ့ပါသည်။

အစည်းအဝေးလုပ်နေစဉ် ဝန်ကြီး ဦးရာဇတ် ခဏထွက် လာကာ ထိုနေ့ည မြို့မကျောင်းတွင် ကျင်းပမည့် "အထက် မြန်မာပြည်၊ အောက်မြန်မာပြည် လက်ဝှေ့ပြိုင်ပွဲကြီးသို့ ၎င်းနှင့်အတူ ဗိုလ်ချုပ်ပါလိုက်ကြည့်မည်ဖြစ်၍ (မန္တလေး အမျိုးသား အထက်တန်းကျောင်းသားများ အမာခံဖြစ်သည့်) အထက်မြန်မာပြည်လက်ဝှေ့အသင်းသို့ သွားပြီး လိုအပ် သည်များလုပ်ပေးရန် ဦးချစ်ဆွေကိုစေလွှတ်လိုက်ပါသည်။

ရဲဘော်ကိုထွေးသည်ကား (ကြိုတင်မသိရှိသော်လည်း) မိမိကိုယ်ပိုင်ရွေးချယ်မှုအရ လုပ်ကြံမှုကြီးနှင့် ကြုံကြိုက်ရန် စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်ခဲ့ပါသည်။

ထိုနေ့က အစည်းအဝေးခန်းထဲရှိ ပုဂ္ဂိုလ်များမှအပ မောင်းပြန်သေနတ်များကိုင်ဆောင်၍ တစ်ရုံးလုံးညံအောင် ပစ်ခတ်သတ်ဖြတ်နေသည့် သွေးဆာနေသော လူသတ်သမား များကိုထွက်၍ ရင်ဆိုင်သူ အခြားသူတစ်ဦးတစ်ယောက်မျှ မရှိသော်လည်း သူ့ငယ်ဆရာရင်းဖြစ်သော ဆရာကြီး ဦးရာဇတ်၊ သူကိုယ်တိုင်အပါအဝင် ဖြစ်သော ပြည်သူလူထု တစ်ရပ်လုံးက မြတ်နိုး လေးစားအားထားသည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်သူများအား ကြိုတင်ကာကွယ်တားဆီးတိုက်ခိုက်မှု မပြုလုပ်နိုင်ခဲ့ သော်လည်း တတ်စွမ်းသမျှ ပြန်လည်ပစ်ခတ်လက်စားချေ မည်ဟူသော စိတ်ဓာတ်ဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်မှု ဖြင့် ဒသမ ၃၂ ခြောက်လုံးပြူး သေနတ်လေးတစ်လက်ကိုသာ ကိုင်ကာ မောင်းပြန်လက်ကိုင်ထားသူများလည်း ဖြစ်သော သွေးဆာနေသူ လူသတ်သမားများကို ရင်ဆိုင်ခဲ့သူ ရဲဘော် ကိုထွေးကိုမူ "ကံဆိုးသူ"စာရင်းတွင်ပင် ထည့်သွင်းရမည်လား။

အခြားသူများ မလုပ်နိုင်ခဲ့သော၊ လုပ်နိုင်ခဲသော အလုပ်ကို သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်လုပ်ကိုင် ခဲ့သူဖြစ်၍ အသက်မဆုံးရှုံး မကွယ်လွန်မီတွင် ရဲဘော် ကိုထွေးသည် မိမိကိုယ်မိမိ "ကံကောင်းသူ..ကံကောင်းသူ"အဖြစ် သတ်မှတ်၍ ဝမ်းသာကျေနပ်နေမည်လားဟု တွေး တောစဉ်းစားမိပါတော့သည်။ မှတ်တမ်းတင်ထားခြင်းမရှိခဲ့သော်လည်း ဘိုးဘွား မိဘတို့၏ ဆိုစကားအရ--

(၁) ရဲဘော်ကိုထွေးသည် လူသတ်သမားများအား အငိုက်ဖမ်းပစ်ခတ်ရန် ၎င်းတို့က မိမိရှိရာ အခန်းကို ကျော်သွားပြီးမှ ဆင်နားရွက်တံခါးကိုတွန်းဖွင့်၍ထွက်ရာ တံခါးပတ္တာမှ အသံမြည်သွားသဖြင့် အငိုက်မရဘဲသွေးဆာ နေသူ၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့်

(၂) ရဲဘော်ကိုထွေး ဆေးရုံသို့ရောက်ပြီး မကွယ်လွန်မီတွင် သူ၏ ယောက်ဖဖြစ်သူ ဦးစောဖေ ရောက်ရှိသွားရာ စကားမပြောနိုင်သော်လည်း ပြုံးပြနှုတ်ဆက်နေခဲ့ကြောင်း တို့ကို မှတ်သားခဲ့ရပါကြောင်း။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021