ဘယ်လ်ဂျီယံတောင်ပံတိုက်စစ်မှူး ဟာဇက် သည် ဇူလိုင် ၂၀ ရက်က ရီးရဲလ်ကစားသမား ဘဝ ပွဲဦးထွက်ခဲ့ရာ တာထွက်မကောင်းခဲ့ဘဲ ဘိုင်ယန်မြူးနစ်အသင်းအား သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန် မြူးနစ်တို့သည် အမေရိကန်နိုင်ငံ ဟောက် စတန်တွင်ကစားခဲ့ခြင်းဖြစ်ပြီး ပရိသတ်အများ အပြား အားပေးခဲ့ကြသည်။
ရီးရဲလ်နည်းပြ ဇီဒန်းသည် ပွဲထွက်လူစာရင်းတွင် ဟာဇက်၊ ဘန်ဇီမာ၊ အဆန်စီယို၊ အစ္စကို၊ တိုနီခရူးစ်၊ မိုဒရစ်၊ ဗာရာနီ၊ ကာဗာဂျယ်၊ မာဆယ်လို ရာမို့စ်နှင့် ဂိုးသမားကော်တို့စ်တို့ ကစားစေ ခဲ့သည်။
ဘိုင်ယန်နည်းပြ ကိုဗက်သည် ပွဲထွက်လူ စာရင်း၌ မူလာ၊ ကိုမန်း၊ ဆန်းချက်စ်၊ အယ် ကန်တာရာ၊ မာတီနက်ဇ်နှင့် နျူအာတို့ကိုအသုံး ပြုခဲ့သည်။ နှစ်သင်းစလုံးသည် တိုက်စစ်အားပြု ကစားခဲ့ကြပြီး ဘိုင်ယန်မှာ ပွဲချိန် ၁၅ မိနစ်တွင် ဂိုးရခဲ့ရာ တိုလစ်ဆိုက သွင်းယူပေးခဲ့သည်။
ဟာဇက်မှာ ကစားဖော်များအတွက် ဖန်တီးမှု များပြုလုပ်ပေးခဲ့သော်လည်း ဘန်ဇီမာအပါ အဝင် ကစားသမားများ အသုံးမချနိုင်ခဲ့ပေ။ ဟာဇက်သည် ပထမပိုင်းသာကစားခဲ့ပြီး နည်းပြ ဇီဒန်းက ဒုတိယပိုင်းတွင် အခြားကစားသမားများ လူစားလဲအသုံးပြုခဲ့သည်။ အကြိတ်အနယ် ကစားရင်း ဘိုင်ယန်သည် ပွဲချိန် ၆၇ မိနစ်တွင် လီဝမ်ဒေါ့စကီး၏ဂိုးကြောင့် ဒုတိယဂိုးသွင်းယူ နိုင်ခဲ့သည်။
ဘိုင်ယန်အတွက် တတိယဂိုးကို ဂါနာဘီက ၆၉ မိနစ်တွင် သွင်းပေးခဲ့သည်။ ပွဲချိန် ၈၁ မိနစ်၌ကစားပုံကြမ်းခဲ့သော ဘိုင်ယန်ဂိုးသမား အူလီရစ်ချ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။ ရီးရဲလ်သည် ပွဲချိန် ၈၄ မိနစ်တွင် ချေပဂိုး တစ်ဂိုးပြန်ရခဲ့ရာ ရိုဒရီဂိုးစ်က သွင်းပေးခဲ့သည်။ ရီးရဲလ်နည်းပြဇီဒန်းသည် ဘိုင်ယန်မြူးနစ်ပွဲတွင် ဂါရတ်ဘေးလ်ကို အသုံးမပြုခဲ့ပေ။
နည်းပြ ဇီဒန်းက "ဒီပွဲမှာ ဘေးလ်မပါပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ သူဟာ အသင်းကထွက်ဖို့တော် တော်လေးနီးစပ်နေလို့ပါ။ သူထွက်သွားမယ် လို့လည်း ကျွန်တော်တို့မျှော်လင့်ထားတယ်။ ဒါက အားလုံးအတွက်ကောင်းမှာပါ"ဟု ပြော ဆိုခဲ့သည်။















