စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်သည် ဇူလိုင် ၂၁ ရက်က စင်ကာပူအမျိုးသားကွင်း တွင် အိုင်စီစီဖလားပြိုင်ပွဲကစားခဲ့ရာ လက်ရှိ ချန်ပီယံ စပါးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဥရောပအသင်းကြီးများသည် ဘောလုံးရာသီသစ်မစတင်မီ ခြေစမ်းပွဲများနှင့် ဖလားပြိုင်ပွဲများ ကစားနေကြရာ ဈေးကွက် ချဲ့ထွင်မည့်အနေဖြင့် အာရှနှင့်အရှေ့တောင် အာရှသို့ လာရောက်ယှဉ်ပြိုင်နေကြသည်။ ဂျူ ဗင်တပ်စ်နှင့်စပါးတို့ကစားခဲ့သောပွဲကို ပရိသတ် ကွင်းလုံးပြည့် အားပေးခဲ့ကြသည်။ ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒိုသည် စပါးနှင့်ပွဲတွင် အသင်းအတွက် ဒုတိယဂိုး သွင်းယူနိုင်ခဲ့သည်။ စပါးမှာ အကြိတ်အနယ်ကစားရင်း ပွဲပြီးလုချိန် တွင် အနိုင်ဂိုးရရှိခဲ့ပြီး ဟယ်ရီကိန်းက ကွင်း တစ်ဝက်မှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်နှင့် စပါးတို့ကစားခဲ့သော ပွဲတွင် ချစ်စရာကောင်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး အကြောင်းမှာ ဂျူဗင်တပ်စ်အသင်း လူငယ်ပရိသတ်မှာ ယင်း၏အိုင်ဒေါလ်ကစား သမား စီရိုနယ်ဒိုနှင့်အနီးကပ်တွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည်။
ဂျူဗင်တပ်စ်နည်းပြဆာရီသည် စီရိုနယ်ဒိုအား အသင်းအတွက် ဒုတိယဂိုးသွင်း ပေးပြီးနောက် ပွဲချိန် ၆၃ မိနစ်တွင် လူစားလဲ ခဲ့သည်။ စီရိုနယ်ဒိုသည် အရန်ခုံ၌ကစားဖော် များဖြစ်သော ဘိုနုချီ၊ မာတူဒီတို့နှင့်အတူရှိနေ ခဲ့သည်။
ပွဲပြီးဆုံးရန် ၁ဝ မိနစ်အလိုတွင် စီရို နယ်ဒိုထိုင်နေသောနေရာသို့ ဂျူဗင်တပ်စ်လူငယ် ပရိသတ်မှာလာရောက်ခဲ့ပြီး အပြုံးဖြင့်နှုတ် ဆက်ခဲ့သည်။ စီရိုနယ်ဒိုကလည်း နှုတ်ဆက် ခဲ့ပြီး လက်ဝါးချင်းရိုက်ခဲ့ကြသေးသည်။ ဂျူဗင် တပ်စ်လူငယ်ပရိသတ်မှာ ဘဝ၌ နောက် တစ်ကြိမ်ရနိုင်ဖွယ်မရှိသော အခွင့်အရေးတစ် ရပ်ကိုရရှိခဲ့ခြင်းဖြစ်သည်။
ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ ဂျူဗင် တပ်စ်နည်းပြဆာရီက ''ဘယ်သူမဆို စီရိုနယ်ဒို လို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်မျိုးကိုတွေ့ချင် ကြမှာပါ။ ကျွန်တော့်အထင် လုံခြုံရေးတွေက ကလေးငယ်ကို ပေးသွားခိုင်းတာဖြစ်ပါလိမ့် မယ်။ ဒါက ကွင်းထဲကိုကျူးကျော်ဝင်ရောက် တာမဟုတ်ဘူး။ ပျော်စရာကောင်းတဲ့အချိန် လေးပါ''ဟု ဖွင့်ဟခဲ့သည်။















