ပီကေဝါးရင်းမျိုချမိရင် အန္တရာယ်ရှိလား

ပီကေဝါးရင်းမျိုချမိရင် အန္တရာယ်ရှိလား

ပီကေစားရင်းမျိုချမိရင် အူမှာကပ်ပြိီး သေတတ်တယ်၊ ပီကေကအစာအိမ်ထဲ၊ အူထဲမှာကပ်သွားပြီးလုံးဝပြန်မထွက်တော့ဘူးဆိုတဲ့ စကားတွေ ငယ်ငယ်က ကြားဖူးမှာပါ။

 ဒီလိုစိတ်ပူတတ်တဲ့ လူကြီးတွေကကိုယ်တွေကိုပီကေမစားရဘူးလို့ တားမြစ်ခဲ့ကြပါတယ်။ ပီကေဆိုတာလူကြီးဖြစ်မှ စားရမယ်ဆိုတဲ့အသိလေးလည်း ခေါင်းထဲစွဲလို့။

ခုချိန်ထိပီကေမျိုချမိမှာကိုအရမ်းကြောက်နေမိတာလည်းအမှန်ပါပဲ။ တကယ်ရောဘာဖြစ်သွားမှာလဲ….

မတော်တဆမျိုချမိတဲ့အခါ

ပီကေရဲ့ပါဝင်ပစ္စည်းအများစုကသဘာဝကုန်ကြမ်းတွေမဟုတ်တဲ့အတွက် လူ့အစာအိမ်ထဲမှာဒါတွေကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေမရှိပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာပီကေကိုအူမကြီးအထိ ရွေ့လျားရောပါသွားပြီးဝမ်းအညစ်အကြေးတွေနဲ့အတူစွန့်ထုတ်လိုက်မှာပါ။ အူနံရံမှာကပ်နေမှာတို့၊ တစ်သက်လုံးပြန်မထွက်တော့ဘူးလို့ ကြောက်စရာအတွေးတွေ ဖိစီးနေဖို့ မလိုပါဘူး။

ဗိုက်ထဲမှာဘယ်လောက်ကြာမှာလဲ

ပီကေကိုမျိုချမိပြီးတဲ့အခါ အများအားဖြင့် တစ်ရက်၊နှစ်ရက်၊သုံးရက်လောက်ကြာမှ ပြန်စွန့်ထုတ်လာနိုင်ပေမယ့် သိပ်မကြာတဲ့သူတွေလည်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့အစာခြေစနစ်အလုပ်လုပ်ပုံနဲ့ ဆိုင်ပါလိမ့်မယ်။ ယေဘုယျတော့ ရက်ပိုင်းအတွင်းပဲ ကြာနိုင်ပါတယ်။ သီတင်းပတ်လည်းမချီဘူး၊ နှစ်နဲ့လည်းမချီနိုင်ပါဘူး။

အန္တရာယ်ရှိလား

ပီကေဆိုတာမျိုမချဘဲဝါးဖို့ပဲစီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် တစ်ခါတလေတော့ မျိုချမိလည်း အန္တရာယ်မရှိနိုင်ပါဘူး။ ပီကေကိုအစာခြေစနစ်ကမချေဖျက်နိုင်တာမှန်ပါတယ်။ သို့သော် ပီကေကအစာအိမ်ထဲမှာ အမြဲကပ်ကျန်နေမှာမဟုတ်ပါဘူး။ ချေဖျက်ထားတဲ့အစာတွေနဲ့အတူရောပါသွားပြီး စွန့်ထုတ်လိုက်မှာပါ။

ဖြစ်ခဲတဲ့အခြေအနေဆိုပေမယ့် မျိုချထားတဲ့ပီကေကပမာဏများနေတာနဲ့ ဝမ်းချုပ်ခြင်း ပေါင်းစပ်လိုက်တဲ့အခါ ကလေးတွေမှာအူပိတ်ဆို့တဲ့ ပြဿနာဖြစ်လာနိုင်တယ်။ ဥပမာပီကေမျိုချထားမိပြီးသိပ်မကြာခင် ထပ်ကာထပ်ကာမျိုချမိတဲ့ပီကေတွေ စုလာတာမျိုး၊ ကလေးမို့ ထွေးထုတ်ရမှန်းမသိအမြဲမျိုချနေမိတာမျိုးကိုစိုးရိမ်ရတာပါ။

ကလေးတွေအတွက် သတိထားရမယ့် ပီကေရဲ့အန္တရာယ်ကတော့

•    အသက်ရှူလမ်းကြောင်းပိတ်ဆို့မှာကြောက်ရတယ်၊
•    အချိုကြောင့် သွားပျက်စီးမှာစိုးရတယ်၊
•    မျိုချမိရင် ပီကေတွေမှာပါတဲ့ ပါဝင်ဓာတ်ပစ္စည်းတွေကိုစိတ်ပူရတယ် (သူတို့ကအစာလမ်းကြောင်းထဲမှာအချိန်ကြာရင် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲအတိအကျမသိနိုင်ပါဘူး၊)
•    ပီကေတွေများပြီးအူလမ်းကြောင်းပိတ်ဆို့တဲ့အန္တရာယ် စိုးရိမ်ရတယ်။
လူကြီးတွေ မှန်ပါတယ်။ အကောင်းဆုံးကတော့ ကလေးငယ်ငယ်တွေကိုပီကေမကျွေးသင့်ပါဘူး။ ပီကေဆိုတာမျိုမချရဘူးလို့ နားလည်တဲ့အရွယ်ကပဲစပြီးပီကေစားခွင့်ပေးသင့်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021