ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်အသက်ဝင်လာတော့မည်ဟု တရားဝင် ငြိမ်းချမ်းရေးလမ်းကြောင်းတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ဗိုလ်မှူးကြီးစိုင်းငင်းက ဇူလိုင် ၂၂ ရက်က အသိပေးပြောဆိုသည်။
လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ကျင်းပခဲ့သည့် မိုင်းလားနှစ်(၃၀)ပြည့် အခမ်းအနားကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီးနောက် မိုင်းလား၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အလွတ်သဘောတွေ့ဆုံရန်လမ်းစဖြစ်လာခဲ့သည် ဟု ၎င်းက သုံးသပ်သည်။
"မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကော်မရှင်က Bilateral စာချုပ် ချုပ်ဆိုရေးနဲ့ ပတ်သက်တဲ့အဆိုပြုချက်ကို မြောက်ပိုင်းလေးဖွဲ့ထံပေးအပ်ခဲ့တယ်လို့ သိရတယ်။ ဇူလိုင်လအတွင်းမှာ အစိုးရနဲ့ မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံ နိုင်ရေး ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။ ဇူလိုင်လဟာ မိုးကြီးလေကြီးနဲ့အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်အသက် ဝင်လာစေမယ့်လပဲ ဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။
ကျော်လွှားရေးနည်းလမ်းရှာ
တပ်မတော်ဘက်ကလည်း တစ်ဖက်သတ် အပစ်ရပ်ကာလကို သြဂုတ်လကုန်အထိ နှစ်လ ထပ်မံတိုးမြှင့်ပေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေး နွေးပွဲအပေါ် သဘောထားကြီးမှု၊ စိတ်ရှည်မှုကို ပြသခဲ့ကြောင်း၊ ဇူလိုင်လဒုတိယပတ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အစိုးရကိုယ်စားလှယ်များသည် ကြားကာလဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အလွတ်တွေ့ဆုံခဲ့သည့်အပြင် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီသည်လည်း အစိုးရ၊ တပ်မတော်တို့နှင့်တွေ့ဆုံခဲ့ပြီး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့မှု ကျော်လွှားရေး နည်းလမ်းရှာခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုသည်။
















