အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ ဒုတိယ မြောက် ကစားသမားခေါ်ယူမှုအဖြစ် ရီးရဲလ် မက်ဒရစ်မှ စပိန်ကွင်းလယ်လူ ဆီဘယ်လော့စ် အား အငှားစာချုပ်တစ်ရပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ကွင်း လယ်လူ ဆီဘယ်လော့စ်သည် ၂ဝ၁၇ ခုနှစ်က ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၅၆ ပွဲ ပါဝင်ကစားခဲ့သည်။ အာဆင်နယ်သည် ဝါရင့်ကွင်းလယ်လူ ရမ်ဆေးကို ဂျူဗင်တပ်စ် အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် ကွင်းလယ် အားဖြည့်ရန် လိုအပ်နေသည်။ စပါးအသင်း ကလည်း ဆီဘယ်လော့စ်အားခေါ်ယူရန် စိတ် ဝင်စားခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်း က အာဆင်နယ်၏ ကမ်းလှမ်းမှုကိုသာ လက် ခံစဉ်းစားခဲ့သည်။
ဆီဘယ်လော့စ်သည် အာဆင်နယ်သို့ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစား တော့မည်ဖြစ်သည်။ အာဆင်နယ်အသင်း နည်းပြ အမ်မရီက ဆီဘယ်လော့စ်မှာ ကစား သမားကောင်းတစ်ဦးဖြစ်ကြောင်း ချီးကျုးပြော ဆိုထားသည်။
အမ်မရီက ''ဆီဘယ်လော့စ် ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ကိုကျွန်တော် ဘက်တစ်အသင်းမှာကတည်း က သတိထားမိတယ်။ သူဟာ စပိန် ယူ-–၂၁ အသင်းအတွက်လည်း အကောင်းဆုံးကစား ပေးခဲ့ပြီး ဆုတွေရခဲ့ပါတယ်''ဟု ဆိုခဲ့သည်။
အာဆင်နယ်သည် နွေဈေးကွက်၌ ဘရာ ဇီးသား မာတင်နယ်လီကို ခေါ်ယူခဲ့ပြီးနောက် ဆီဘယ်လော့စ်အား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အာဆင်နယ်သည် စိန့်အက်တီယန် မှ ပြင်သစ်နောက်ခံလူ ဆာလီဘာကိုလည်း ထပ်ခေါ်ဦးမည်ဖြစ်သည်။
ဘီဘီစီ၏ ဖော်ပြ ချက်အရ အာဆင်နယ်သည် အသက် ၁၈ နှစ်အရွယ် ဗဟိုနောက်ခံလူ ဆာလီဘာကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ခေါ်ယူ ရန် သဘောတူညီမှုရယူထားကြောင်း သိရ သည်။ အာဆင်နယ်သည် ရာသီသစ်မစမီ ခြေစမ်းပွဲနှင့် အိုင်စီစီဖလားပွဲများ ကစားနေ ပြီး ကော်လိုရာဒို၊ ဘိုင်ယန်မြူးနစ်နှင့် ဖီအိုရင် တီးနားကို အနိုင်ရထားသည်။















