သမီးရည်းစားကိစ္စစကားများရာမှ တစ်ဦးသေ၊လေးဦး အပြင်းအထန်ဒဏ်ရာရ

သမီးရည်းစားကိစ္စစကားများရာမှ တစ်ဦးသေ၊လေးဦး အပြင်းအထန်ဒဏ်ရာရ

မြောက်ဥက္ကလာပမြို့နယ်တွင် သမီးရည်းစားကိစ္စစကားများရာမှ တစ်ဦးသေဆုံး၊လေးဦး အပြင်းအထန်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူနှစ်ဦးကို သက်ဆိုင်ရာက ယနေ့ ဇူလိုင် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ လူတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာဖြင့်ရောက်နေကြောင်းသတင်းအရ ဒုရဲမှူးဇော်မင်းခိုင်နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

ဒဏ်ရာရရှိသူမှာ မြောက်ဥက္ကလာပမြို့နယ်( ဋ )ရပ်ကွက်နေ စည်သူ (၁၅ နှစ်)ဖြစ်ပြီး ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ခဲ့ရသည်။သက်ဆိုင်ရာကစုံစမ်းခဲ့ရာ သေဆုံးသူသည် သူငယ်ချင်းများဖြစ်သည့် ဇော်ပိုင်(၁၉ နှစ်)၊ ရှိုင်းကို(၂၀ နှစ်)၊ခန့်ကိုသူ(၁၅ နှစ်)၊သူရနောင်(၂၂ နှစ်)၊တို့နှင့်အတူ ရွှေဝတ်မှုန်အိမ်ရာအနီးရှိနေစဉ် ထင်ရှား(စုံစမ်းဆဲ)နှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ စက်ဘီးဖြင့်ရောက်လာပြီး ဇော်ပိုင်နှင့် ထင်ရှားဆိုသူတို့ သမီးရည်းစားကိစ္စစကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားစဉ် ထင်ရှားက ချွန်ထက်သည့်အရာဖြင့် လိုက်လံထိုးသဖြင့် စည်သူတွင် လည်ပင်းထိုးသွင်းဒဏ်ရာ၊ ဇော်ပိုင်တွင် ယာလက်ဖဝါးထိုးသွင်း၊ရှိုင်းကိုတွင် လည်ပင်းဝဲဘက် ထိုးသွင်းနှင့်ရင်ဘက်ဝဲဘက်ထိုးသွင်းဒဏ်ရာ၊ ခန့်ကိုသူတွင် ဦးခေါင်းနောက်စေ့ထိုးသွင်းဒဏ်ရာ၊ သူရအောင်တွင် ယာပါးထိုးသွင်း ဒဏ်ရာများရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် အသီးသီး တက်ရောက်ကုသခဲ့ရသောကြောင့် ထင်ရှားနှင့် အမည်မသိအမျိုးသားတစ်ဦးတို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့မရဲစခန်းက(ပ)၁၂၉၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ အရ အမှုဖွင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်နေ ထက်ကိုကို(ခ)ထင်ရှား(၂၀ နှစ်)နှင့် အဖော်လိုက်ပါလာသူ ဇင်မင်းခန့် ( ၁၅ နှစ်)တို့နှစ်ဦးကို ဇူလိုင် ၂၄ ရက် နံနက် ၂ နာရီခွဲတွင် ၄င်းတို့၏ နေအိမ်များမှ ဖမ်းဆီးရမိခဲ့သည်။

အခင်းဖြစ်ပွားစဉ် အသုံးပြုခဲ့သည့် လက်ကိုင်ဖုန်း၊ စက်ဘီးတို့ကို သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ခေါက်ဓားကို သုနန္ဒာလမ်းဘေးရှိ ရေကန်အတွင်းလွှင့်ပစ်ခဲ့ကြောင်းပေါ်ပေါက်သဖြင့် ဆက်လက်သိမ်းဆည်းကာ အမှုဖွင့် အရေးယူထားသည်။