ရာဘာခြံအနီး လူသတ်လုယက်မှုကျူးလွန် တိမ်းရှောင်နေသူနှစ်ဦးကို ဖမ်းမိ

ရာဘာခြံအနီး လူသတ်လုယက်မှုကျူးလွန် တိမ်းရှောင်နေသူနှစ်ဦးကို ဖမ်းမိ

ဘုတ်ပြင်းမြို့နယ်ရှိ ရာဘာခြံတစ်ခုအနီး ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် အမျိုးသားတစ်ဦးသေဆုံးမှုမှ လူသတ်လုယက် မှုကျူးလွန်တိမ်းရှောင်နေသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ဇူလိုင် ၂၂ ရက်တွင် ရုံးထုတ်ရမန်ယူစစ်ဆေးလျက်ရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာ အုပ်စု ဒေါ်ကျော့၏ ရာဘာဥယျာဉ်ခြံအတွင်း အသက် ၄၀ အရွယ် အမည်မသိအမျိုးသား အလောင်းတွေ့ရှိကြောင်းသတင်းအရ ဒုရဲမှူးရန်နိုင်ဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူ အမျိုးသားတွင် ဦးခေါင်းယာဘက်ဂျိုစောင်းပေါက်ပြဲသွေးထွက်ဒဏ်ရာဖြင့်သေဆုံးနေသည် ကို သက်ဆိုင်ရာကစစ်ဆေးတွေ့ရှိခဲ့သည်။သေဆုံးသူအနီးတွင် အဝတ်များထည့်ထားသည့် ကျောပိုးအိတ်တစ်လုံးကိုတွေ့ရပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း ဘုတ်ပြင်းမြို့မရဲစခန်းက (ပ)၁၀၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

ကျောပိုးအိတ်အတွင်းတွေ့ရသည့် ဓာတ်ပုံများ၊ ဈေးဝယ်ဘောက်ချာများနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် ချက်များအရ သေဆုံးသူမှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ကျော်ဦး (၄၅ )နှစ်ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းညွှန့်က ရဲတပ်ဖွဲ့သို့ အတည်ပြုခဲ့သည်။

သေဆုံးသူ ကျော်ဦးသည် အလုပ်လုပ်ရန် လွန်ခဲ့သော သုံးလခန့်က နေအိမ်မှ ကော့သောင်းမြို့သို့ထွက်ခွာ သွားခဲ့ပြီး ကော့သောင်းမြို့တွင် ဆိုင်ကယ်ကယ်ရီဆွဲသည့်အလုပ်လုပ်ကိုင်ခဲ့သည်။ကျောပိုးအိတ်အတွင်းတွေ့ရသည့် ဓာတ်ပုံများမှာ ကော့သောင်း အေးငြိမ်းချမ်းသာကျောင်းတိုက်မှ ဥူးခေမာစာရက လူကြုံပါးလိုက်သည့် ပစ္စည်းများဖြစ်ကြောင်း စုံစမ်းသိရပြီး ၄င်း၏ မိခင်ထံ မြိတ်မြို့သို့ ပြန်ရန်အတွက် ကော့သောင်းမြို့မှ ဇူလိုင် ၇ ရက် နံနက် ၃ နာရီခန့်တွင် ထွက်ခွာသွားခြင်းဖြစ်သည်။

သေဆုံးသူထံတွင် ဟွာဝေးအမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးပါရှိသွားကြောင်း သိရသဖြင့် အဆိုပါ လက်ကိုင်ဖုန်းနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းခဲ့ရာ အဆိုပါ လက်ကိုင်ဖုန်းမှာ ကော့သောင်း၊ ဘုတ်ပြင်း နှင့်မြိတ်မြို့ များအတွင်း ဆက်သွယ်သွားလာလျက်ရှိကြောင်း ခြေရာခံမိခဲ့ကြသည်။ အဆိုပါ လက်ကိုင်ဖုန်းနှင့်ပတ်သက်၍ ဒုရဲမှူး ရန်နိုင်ဝင်းနှင့်အဖွဲ့က ဆက်လက်စုံစမ်းခဲ့ရာ ပြစ်မှုဖြင့် မသင်္ကာသူ ဇင်ကိုဦး (၂၄ နှစ်)ကို မြိတ်မြို့ ဆိပ်ကမ်းတွင် ဇူလိုင် ၁၉ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ဇင်ကိုဦးကို အမှုနှင့်ပတ်သက်၍ စုံစမ်းရာ ကော့သောင်းမြို့တွင် အလုပ်အကိုင်အတည်တကျ မရှိဘဲ သွားလာစဉ် မု့န်ထုပ်လာရောက်ကျွေးမွေးလာသူ ဘုတ်ပြင်းမြို့ ခဲမိုင်းကျေးရွာနေ ငဖြိုးနှင့် ရင်းနှီးခဲ့ကြောင်း၊ အခင်းဖြစ်နေ့ နံနက် ၆ နာရီတွင် ငဖြိုးနှင့်လမ်းလျှောက်ထွက်ခဲ့ပြီး ဆီပေပါတင်သည့် ကားများဖြင့် မလိဝမ်းသို့လိုက်ပါခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ထိုမှတစ်ဆင့် အခင်းဖြစ်ရာဘာတောအနီးသို့လမ်းလျှောက်လာစဉ် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးကို လမ်းကြုံလိုက်ရန်အတွက် အကူအညီတောင်းခဲ့သည်။ သေဆုံးသူက လက်ခံသဖြင့် ၄င်းတို့ နှစ်ဦး ဆိုင်ကယ်ဖြင့်လိုက်ပါခဲ့စဉ် အခင်းဖြစ်ရာဘာခြံအနီး အရောက် ငဖြိုးက ဆိုင်ကယ်ရပ်ခိုင်းကာ ရာဘာခြံအတွင်း အသီးသွားယူမည်ဟု ပြောဆိုဝင်သွားသဖြင့် ၄င်းတို့ နှစ်ဦး စကားပြောနေခဲ့သည်။ ထိုသို့စကားပြောနေစဉ် ငဖြိုးနောက်မှရောက်လာပြီး သစ်သားပိုင်းဖြင့် ရိုက်သဖြင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသား လဲကျသွားခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူထံမှ လက်ကိုင်ဖုန်း ၊ ငွေကျပ် ၂၃၀ဝ၀ တို့ကို ယူဆောင်ကာ လျှိုအတွင်းသို့ ဆွဲချခဲ့ကာ ဆိုင်ကယ်ဖြင့် ၄င်းတို့နှစ်ဦးထွက်ပြေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ဆိုင်ကယ်ကို ဘုတ်ပြင်းမြို့ရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် ကျပ် ၁၈၀ဝ၀ဝ ဖြင့်ရောင်းချခဲ့ကြောင်း စုံစမ်းသိရပြီး အမှုမှ တိမ်းရှောင်နေသူ ငဖြိုး(ခ)မောင်နိုင်(၃၇ နှစ်)ကို ဇူလိုင် ၁၉ ရက်တွင် ကျွန်းစုမြို့ အော်နက်ကြီးကျေးရွာမှ ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ နှစ်ဦးကို အမှုဖြင့် ဆက်လက်အရေးယူထားသည်။