ရေဆန်ကို လှော်ခတ်ခြင်း

ရေဆန်ကို လှော်ခတ်ခြင်း

ယခင်တစ်ပတ်မှအဆက်

အမှန်မှာတော့ သင်တန်းသားအရာရှိအချို့မှာသင်တန်းပိတ်ရက်တွင် မော်လမြိုင်အနီးရှိမြို့များသို့၊ ၎င်းတို့၏ မိသားစုရှိရာမြို့များသို့ အပတ်စဉ်ပြန်လေ့ရှိသော်လည်း ၎င်းတို့မှာ ဘာမျှမဖြစ်ကြဘဲ ဤတစ်ကြိမ်သာလျှင် အပြင်သို့ ထွက်မိသောမိမိမှာသာ အရေးယူခံရခြင်းဖြစ်ရာ"ဆန်ခိုးမမိ၊ ဖွဲခိုးမိ" ဆိုသကဲ့သို့ ကံမကောင်းခြင်း ဖြစ်ပါသည်။

သို့သော် မိမိအနေဖြင့် အကြောင်းပြထုချေရန် အခြားနည်းလမ်းမရှိတော့သောကြောင့် "ညစာစားပွဲအသင့်ပြင်ဆင်ပြီး လာရောက်ခေါ်သူ သူငယ်ချင်းကိုအားနာမှုကြောင့် အပြင်ထွက်ခွင့်ပိတ်ထားသည်ကို မေ့လျော့ပြီး လိုက်ပါသွားမိခြင်းဖြစ်ပါကြောင်း၊ သင်တန်းအားရက်များတွင် ဤတစ်ကြိမ်သာလျှင်အပြင်သို့ ထွက်ဖူးခြင်းဖြစ်ပါကြောင်း၊ ကျန်အားလပ်ရက်များတွင် အပြင်သို့မထွက်ဘဲ သင်တန်းတွင်ပို့ချသော သင်ခန်းစာများကိုသာ လေ့လာဆည်းပူးနေခဲ့ပါကြောင်း၊ သို့ဖြစ်၍ သင်တန်းဆင်း အရည်အချင်းသတ်မှတ်ချက်အရ "သာမန်အထက် အဆင့်ရရှိခဲ့ပါကြောင်း" စသည်ဖြင့် ထုချေရေးသားပြီး သင်တန်းသားအရည်အချင်း သတ်မှတ်ချက်စာရွက်ကိုပါ မိတ္တူကူးလျက် ပူးတွဲပြီး ပြန်လည်ရှင်းလင်းတင်ပြခဲ့ရာ ဝန်ထမ်းမှတ်တမ်းတွင် မှတ်တမ်းတင်ခြင်းမရှိသော သာမန်သတိပေးခြင်းဖြင့် ကိစ္စပြီးသွားခဲ့ပါသည်။ 

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ၂၆-•၁•-၇၀ မှ၃၀•-၃•၇၀ နေ့အထိ ဖွင့်လှစ်သော တပ်တွင်းပညာပေးသင်တန်းအမှတ်စဉ် ၁၈/၇၀ ကို တက်ရောက်ပြီးနောက်တစ်ပတ်အတွင်းမှာပင် သရက်ချောင်းမြို့ပိုင်၏ အလုပ်ဝတ္တရားများကို ပြန်လည်၍လက်ခံဆောင်ရွက်နေစဉ် ၁၉၇၀ ပြည့်နှစ် မေလအတွင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနက တိုင်းအသီးသီးတွင် ခုနစ်နှစ်နှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိသော မြို့ပိုင်နှင့် နယ်ပိုင်ဝန်ထောက်များကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းအတွင်းမှ မြို့ပိုင်နှင့် နယ်ပိုင်ဝန်ထောက်များကို စစ်ကိုင်းတိုင်းသို့ ပြောင်းရွှေ့ခဲ့သဖြင့် မိမိလည်း ပါဝင်ခဲ့ပါသည်။ မိမိမှာဘဝပန်းတိုင်ပျောက်နေ၍ စိတ်ဓာတ်ကျဆင်းနေချိန်တွင် ဤသို့ဝေးလံသောတိုင်းသို့ ပြောင်းရွှေ့ခြင်းခံရသဖြင့် အလုပ်မှနုတ်ထွက်၍ မြိတ်မြို့တွင်အချေချလျက် ရှေ့နေအဖြစ် အသက်မွေးမှုလုပ်ငန်း ဆောင်ရွက်တော့မည်ဟု စိတ်ကူးပြီး မိမိ၏ယောက္ခမကြီးနှင့်တိုင်ပင်ရာ မိမိ၏ယောက္ခမကြီးက ၎င်းလည်း ကျန်းမာရေးကောင်းသေးသဖြင့် လယ်ယာ၊ ဥယျာဉ်နှင့် ရော်ဘာခြံလုပ်ငန်းများကို လုပ်ကိုင်နိုင်သေးကြောင်း၊ မိမိ၏မိသားစု၏ စားဝတ်နေရေးအတွက် ပူပင်စရာမရှိကြောင်း၊ အမိန့်အတိုင်း စစ်ကိုင်းတိုင်းသို့ မိသားစုအားလုံး ပြောင်းရွှေ့ပြီး တစ်နှစ်နှစ်နှစ်ခန့် ဤအလုပ်ကိုပင်ဆက်လုပ်ပြီး ထိုကာလအတွင်း အလုပ်ထွက်မည့်ကိစ္စကိုစဉ်းစားရန်ဖြစ်ကြောင်း၊စစ်ကိုင်းတိုင်းမင်းကြီးမှာ မြိတ်ခရိုင်ဝန်ရုံးတွင် မြို့မဝန်ထောက်ကြီးအဖြစ် လာရောက်တာဝန်ထမ်းဆောင်ဖူးသဖြင့် ၎င်းနှင့်ရင်းနှီးမှုရှိကြောင်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ မြို့တစ်မြို့တွင် နေရာချထားပေးရန် မိမိစာရေး ပေးမည်ဖြစ်ကြောင်းပြောပါသည်။ သို့သော် ၎င်း၏စာမှာ စစ်ကိုင်းတိုင်းမင်းကြီးက မိမိကို ကန့်ဘလူမြို့ပိုင်အဖြစ် တာဝန်ချထားသည့်အမိန့်ထွက်ပြီးမှ တိုင်းမင်းကြီးထံ ရောက်ရှိဟန်တူပါသည်။ တိုင်းမင်းကြီးက မိမိ၏ယောက္ခမကြီးထံ စာပြန်ကြားရာ၌ ကန့်ဘလူမြို့ပိုင်အဖြစ် နေရာချထားကြောင်း၊ ကန့်ဘလူမြို့မှာ အစားအသောက်ဈေးပေါပြီး နေထိုင်စရိတ်သက်သာကြောင်းစသဖြင့် တလေးတစား စာပြန်သည်ကိုတော့ မိမိဖတ်ရှုလိုက်ရပါသည်။

စစ်ကိုင်းတိုင်းမှပြောင်းရွှေ့လာပြီး သရက်ချောင်းမြို့ပိုင်အဖြစ် မိမိအားဆက်ခံမည့်သူမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခန့်ထားသော ယာယီလက်ထောက်မြို့ပိုင်တစ်ဦးဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင်ယာယီလက်ထောက်မြို့ပိုင်များကို စတင်ခန့်ထားချိန်မှစ၍ မြန်မာနိုင်ငံဝန်ထမ်း(အငယ်တန်း)အရာရှိသစ်များကို ရွေးချယ်ခန့်ထားခြင်းမရှိတော့ဘဲ မြန်မာနိုင်ငံဝန်ထမ်း (အငယ်တန်း) သို့မဟုတ် မြို့ပိုင်ရာထူးများလစ်လပ်ပါက ယာယီလက်ထောက်မြို့ပိုင်များကို ဝါစဉ်အလိုက် မြို့ပိုင်များအဖြစ်ခန့်ထားခဲ့သည်။ မိမိအားဆက်ခံမည့်သူမှာ လူထုပညာရေးမှူးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်း၏ဇနီးမှာလည်းကျေးလက်သူနာပြု လုပ်ခဲ့ဖူးသူဟုသိရသည်။ မြို့ပိုင်၏အလုပ်ဝတ္တရားများကို လွှဲအပ်ခြင်းမပြုမီ တစ်ပတ်လောက်အလိုတွင် ပြောင်းရွှေ့ရန်အတွက် မိမိတို့၏အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးနေစဉ် ၎င်းတို့ဇနီးမောင်နှံမှာ ဆိုင်းမဆင့်ဗုံမဆင့်ဆိုသလို မိမိတို့နေထိုင်လျက်ရှိသည့် အိမ်ပေါ်သို့တက်ရောက်လာကြသည်။မပြောင်းရွှေ့မီနေ့စဉ်အသုံးပြုရန်လိုအပ်သည့် အိုး၊ ခွက်၊ပန်းကန်များမှအပ မိမိတို့၏ အိမ်ထောင်ပစ္စည်းများကိုသိမ်းဆည်းထုပ်ပိုးထားပြီးဖြစ်သဖြင့် ၎င်းတို့ဇနီးမောင်နှံအား ဧည့်ဝတ်ပြုနေရသည်မှာလည်း ဧည့်ဝတ်မကျေနိုင်ဘဲ မိမိတို့ပါဖြစ်သလို ချက်ပြုတ်စားသောက်နေထိုင်ကြရသည့် အခြေအနေဖြစ်သည်။ ပြောင်းရွှေ့လာသည့် မြို့ပိုင်မှာ အေးဆေးပုံရသော်လည်း၎င်း၏ဇနီးမှာမူ ခင်ပွန်း၏အလုပ်တွင်ပါဝင်ပတ်သက်မည့်သူဖြစ်ကြောင်း ၎င်း၏ပြုမူပြောဆိုပုံများအရ ခန့်မှန်းကြည့်နိုင်ပါသည်။ ၎င်းသည် ရောက်ရောက်ခြင်းဆိုသလိုပင် ၎င်း၏ ခင်ပွန်းနှင့်အတူရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့ပိုင်၏လုပ်ငန်းတာဝန်များအကြောင်း မေးမြန်းပြောဆိုသည်ကိုတွေ့ရသည်။ ၎င်း၏ခင်ပွန်းမှာ ယခင်မြို့ပိုင်ထက် လုပ်ပိုင်ခွင့်များပိုကြောင်း ပြောသည်ဟုလည်း ဝန်ထမ်းများထံမှတစ်ဆင့် ပြန်ကြားရသည်။ မိမိမှာ ဒုတိယတန်းရာဇဝတ်အာဏာသာရှိပြီး ၎င်း၏ခင်ပွန်းမှာ ပထမတန်းရာဇဝတ်အာဏာရှိပြီးသူဖြစ်၍ လုပ်ပိုင်ခွင့်ပိုသည်ဟုပြောခြင်းဖြစ်မည်။ ပြောင်းရွှေ့ခရီးစရိတ်နှင့် သာမန် ခရီးစရိတ်များထုတ်ယူပုံကိုလည်း ၎င်းကမိမိ၏ဇနီးအားပြောပြသည်။ မိမိ၏ဇနီးမှာမူ ခင်ပွန်း၏အလုပ်ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိ၍ ရုံးကိစ္စများကို နားလည်သိရှိသူမဟုတ်ပေ။ 

တစ်ပတ်လောက်အတွင်း ရုံးလုပ်ငန်းများလွှဲပြောင်းပေးရန်အသင့်ဖြစ်သည့်အပြင် အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်းပြီး ဆင်ဖြူပြင်ဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ စက်လှေဖြင့်တင်ပေးပြီးဖြစ်၍ ၁၉၇၀ ပြည့်နှစ် ဇူလိုင် ၁ ရက်၊ သရက်ချောင်းမြို့တွင် အလွန်မိုးသည်းထန်သည့်ကာလတွင် သရက်ချောင်းမြို့ပိုင်၏အလုပ် တာဝန်များကို မိမိအားဆက်ခံသူသို့ လွှဲအပ်ပေးခဲ့ပါသည်။ ထိုအချိန်တွင် မိမိ၏မိသားစုဝင်များမှာ ဇနီးနှင့် အသက် (၅) နှစ်အောက် သားတစ်ဦး၊ သမီးနှစ်ဦးနှင့် အိမ်ဖော်ကလေးမအပါအဝင် ခြောက်ဦးဖြစ်ရာ ထားဝယ်မြို့သို့မော်တော်ကား ဖြင့်သွားကြရပြီး ထားဝယ်မှ ရန်ကုန်သို့လေယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။ ရန်ကုန်မှ စစ်ကိုင်းတိုင်းသို့ချက်ချင်း သွားရောက်နိုင်ခြင်းမရှိသေးဘဲ ရန်ကုန်တွင် ဇနီးဘက်မှဆွေမျိုးများ၏ အိမ်တွင်တည်းခိုလျက် သရက်ချောင်းမှ စက်လှေဖြင့်တင်ပေးလိုက်သောပစ္စည်းများ ရန်ကုန်ရောက်ချိန်အထိစောင့်ဆိုင်း၍ရန်ကုန်ဆိပ်ကမ်းတွင်ထုတ်ယူခြင်း၊ ထိုမှတစ်ဖန် အိမ်ထောင်ပစ္စည်းများကို ရန်ကုန်မြို့ ဗိုလ်တထောင်မီးရထားကုန်ရုံစခန်းတွင်အပ်နှံခြင်း၊ မိသားစုများအတွက် ရန်ကုန်မှမန္တလေးအထိ မီးရထားလက်မှတ်ဝယ်ယူခြင်းများ ပြုလုပ်ရသည်။ ရန်ကုန်ဆိပ်ကမ်းတွင် အိမ်ထောင်ပစ္စည်းများထုတ်ယူခြင်းနှင့် မီးရထားကုန်ရုံခန်းတွင် ပစ္စည်းများအပ်နှံခြင်းလုပ်ငန်းများတွင် မိမိမှာ အတွေ့အကြုံမရှိသဖြင့် စုံစမ်းမေးမြန်းရင်းလုပ်ဆောင်ခဲ့ရာ ပစ္စည်းတင်ပို့သည့်ကိစ္စများပြီးစီးသွားခဲ့သည်။ 

ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့်သွားရောက်ပြီး မန္တလေးတွင် မိမိ၏ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး၏ အိမ်တွင် သုံးရက်လောက်တည်းခိုပြီး စစ်ကိုင်းရှိတိုင်းမင်းကြီး၏နေအိမ်သို့ မိမိ၏ဇနီးနှင့်အတူ တိုင်းမင်းကြီးအား တွေ့ဆုံရန် သွားရောက်ခဲ့ကြသည်။ တိုင်းမင်းကြီးမှာ ဦးချစ်စိန်ဖြစ်၍ မြိတ်မြို့တွင် မြို့မဝန်ထောက်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသဖြင့် မိမိ၏ယောက္ခမနှင့် သိကျွမ်းဖူးသူဖြစ်၍ ရုံးပိတ်ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။ သို့ရာတွင် တိုင်းမင်းကြီးမှာ နေ့လယ်အိပ်နေသည့်အချိန်ဖြစ်၍ တိုင်းမင်းကြီး၏ ဇနီးက "နှိုးပေးရမလား" ဟုမေးရာ မနှိုးပါနှင့် မိမိ၏ယောက္ခမမှာကြားလိုက်၍ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားပြီး မိမိတို့တွင်ပါလာသော ပုစွန်ခြောက်နှင့် ငါးခြောက်များကို လက်ဆောင်ပေးပြီး ပြန်လာခဲ့ကြပါသည်။ 

တိုင်းမင်းကြီး ဦးချစ်စိန်သည် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံဝန်ထမ်း(အကြီးတန်း)သို့ မိမိ၏ခရိုင်ဝန်ဖြစ်ဖူးသော ဦးဘရွှေနှင့် နောင်တွင် ရှေ့နေချုပ်ဖြစ်လာမည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် (နောင်တွင်အထွေထွေဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်) ဦးသာထွန်းတို့နှင့်အတူ အလုပ်ဝင်ရောက်ခဲ့ဖူးကြောင်း ထိုစဉ်ကအစိုးရက ထုတ်ဝေသော ဝန်ထမ်းများစာရင်းစာအုပ်အရ သိရှိရသည်။ ထိုစဉ်က ရာထူးတိုးမြှင့်ရေးစနစ်အရ အလုပ်ဝင်စာမေးပွဲဖြေစဉ်က ရရှိခဲ့သည့်အမှတ်စဉ်အတိုင်း ရာထူးတိုးမြှင့်ပေးခြင်းဖြစ်၍ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံဝန်ထမ်း(အကြီးတန်း) သို့ ဝင်ရောက်ခဲ့သည့် (မိမိမှတ်သားမိသမျှ) လူ ၂၀ ခန့်အနက်မှ အမှတ်စဉ်အလိုက် ထိပ်ဆုံးသုံးဦးသာ တိုင်းမင်းကြီး/အတွင်းဝန်(ပုံသေလစာနှုန်း ကျပ် ၁ç၆၀ဝ) အဆင့်သို့ရောက်ရှိသေးသည့် အချိန်ဖြစ်သည်။ နောက်ပိုင်းတော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် မြန်မာနိုင်ငံဝန်ထမ်းစနစ်ကို ဖျက်သိမ်းလိုက်သဖြင့် ထိုသုံးဦးမှအပ ကျန်လူများမှာ အတွင်းဝန်/တိုင်းမင်းကြီး ဖြစ်လာခြင်းမရှိတော့ပေ။ 

မန္တလေးမှ ကန့်ဘလူသို့ မီးရထားဖြင့်သွားရောက်ရမည်ဖြစ်သဖြင့် တစ်ရက်ကြိုတင်ပြီး မန္တလေးဘူတာကြီးသို့သွားရောက်၍ လက်မှတ်ဝယ်ယူရာ ခရီးသွားမည့်နေ့ ရထားထွက်ချိန်မတိုင်မီ တစ်နာရီခန့်စော၍ လာရောက်ပြီး လက်မှတ်ဝယ်ရန် လက်မှတ်ရောင်းသည့်စာရေးကပြောပါသည်။ ကန့်ဘလူသို့ သွားရောက်မည့်နေ့တွင် မိမိ၏မိသားစုနှင့်အတူ မီးရထားလက်မှတ်ရောင်းစာရေးပြောသည့်အတိုင်း မန္တလေးဘူတာကြီးသို့သွားရောက်ပြီး ပထမတန်းလက်မှတ်ဝယ်ယူရာတွင် ပထမတန်းလက်မှတ်နေရာလွတ်မရှိတော့ဟုပြောသဖြင့် အလွန်ပင်စိတ်ပျက်မိပါသည်။ လက်မှတ်ရောင်းသည့်စာရေးမှာ ယမန်နေ့ကစာရေးမဟုတ်တော့သဖြင့် ဆင်ခြေမတက်နိုင်တော့ဘဲ မိမိတို့၏ကလေးသုံးဦးအတွက်ပါ ရိုးရိုးတန်းလက်မှတ်ခြောက်စောင်ကို ဝယ်လိုက်ရပါတော့သည်။ ကလေးများမှာ ၅ နှစ် အောက်ဖြစ်၍ မီးရထားခလွတ်ကြောင်း သိရသော်လည်း ကလေးများအိပ်ချိန်တွင်အိပ်နိုင်စေရန် မိမိတို့မိသားစု အားလုံးအတွက် လက်မှတ်ခြောက်စောင်ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ကလေးသုံးယောက်အတွက် တစ်ဝက်ခနှုန်းဖြင့် လက်မှတ်တစ်ပိုင်းစီဖြတ်ပေးပါသည်။ သို့ဖြင့် နံနက်(၇)နာရီ သို့မဟုတ် (၈)နာရီလောက်တွင်ထွက်သော မန္တလေး-မြစ်ကြီးနား မီးရထားတွင် ရိုးရိုးတန်းခရီးသည်များအဖြစ် လိုက်ပါခဲ့ကြရပါသည်။ ခရီးစရိတ်လက်စွဲအရ မိမိနှင့်မိသားစုပါ မီးရထားအထက်တန်းစီးနင်းခွင့်ရှိသဖြင့်ခရီးစရိတ်တောင်းခံလွှာတင်သောအခါတွင်မူ မီးရထားအထက်တန်းတွဲခန်းဖြင့်ပင် တောင်းခံခွင့်ရှိပါသည်။ မိမိတို့မိသားစု ယခုကဲ့သို့ ရိုးရိုးတန်းဖြင့် မီးရထားစီးလာခြင်းမှာ ငွေကြေးအမြတ်အစွန်းရရှိလို၍မဟုတ်ဘဲ မီးရထားလက်မှတ်အရောင်းစာရေး၏ တာဝန်မဲ့ပြောကြားခဲ့မှုကြောင့် မီးရထားအထက်တန်းနေရာမကျန်တော့ခြင်းကြောင့်သာ ရိုးရိုးတန်းလက်မှတ်ကို ဝယ်ယူရခြင်းဖြစ်ပါသည်။ 

စစ်ကိုင်းဘူတာကိုကျော်လာသည်နှင့် ပြဿနာကစလေပြီ။ လူကြီးလက်မှတ်သုံးစောင်နှင့် ကလေးသုံးဦးမှာ အခလွတ်စီးနင်းခွင့်ရှိသော်လည်း တစ်ဝက်ခပေး၍ကလေးလက်မှတ်သုံးစောင်၊ စုစုပေါင်းထိုင်ခုံခြောက်နေရာ (နှစ်ယောက်တွဲထိုင်ခုံသုံးခုံ)အနက်မှ နှစ်ယောက်တွဲထိုင်ခုံတစ်ခုံတွင် အခါလည်ပြီးစ သမီးငယ်လေးကိုသိပ်ထားရာ ဘူတာတစ်ခုတွင် ရပ်နားတိုင်း ခရီးသည်များတက်လာပြီး အိပ်နေသောကလေးငယ်လေးကိုနှိုးပြီး နေရာပေးရန် တောင်းဆိုလာကြသည်မှာ တစ်ဦးတည်းမဟုတ်၊ လေးငါးဦးပင်ရှိသည်။ သူတို့၏ဓလေ့အရ ကလေးအတွက် လက်မှတ်ဝယ်လေ့မရှိသဖြင့် ထိုင်ခုံရခွင့်မရှိဟု ယူထားပုံရပါသည်။ မိမိကကလေးလက်မှတ်သုံးစောင်ကို ထုတ်ပြပြီးလက်မှတ်ဝယ်စီးလာခြင်းဖြစ်ကြောင်း ပြောကြားရသည်။အသက် ၅၀ ကျော်လောက်ရှိမည့် ဘုန်းကြီးတစ်ပါးကလည်း ၎င်းထိုင်ရန်အတွက်ကလေးကို ဖယ်ပေးရန်ပြောရာ မိမိတို့မှာ တနင်္သာရီတိုင်းမှပြောင်းလာသော အစိုးရဝန်ထမ်းဖြစ်၍ ကလေးများအိပ်နိုင်ရန် ကလေးလက်မှတ်ဝယ်ယူပြီး စီးနင်းလာခြင်းဖြစ်ကြောင်း ပြန်ပြောသော်လည်း သိပ်ကျေနပ်ပုံမရဘဲ ကလေးအိပ်နေသောထိုင်ခုံကိုကိုင်၍ရပ်လျက်လိုက်ပါလာသည်။ မကြာမီ၎င်း၏ ဒါယကာတစ်ဦးဖြစ်ဟန် တူသူရောက်လာပြီး ဘုန်းကြီးထိုင်ဖို့ ကလေးကို ဖယ်ပေးရန်ပြောပြန်သည်။ ထိုအခါ ဘုန်းကြီးက "ကလေးလက်မှတ် ဝယ်စီးလာသတဲ့" ဟု မကျေနပ်သော လေသံဖြင့်ပြောသည်။ 

ကလေးများမှာ ၅ နှစ်အောက်ဖြစ်၍ မီးရထားခလွတ်ကြောင်း သိရသော်လည်း ကလေးများ အိပ်ချိန် တွင် အိပ်နိုင်စေရန် မိမိတို့မိသားစုအားလုံးအတွက် လက်မှတ်ခြောက်စောင်ဝယ်ယူခဲ့ခြင်းဖြစ် . . .

ဤတွင် နိုင်ငံခြားယဉ်ကျေးမှုနှင့်ကွာခြားသည်ကိုသတိရမိသည်။ နိုင်ငံခြားသားများကတော့ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများကိုဦးစားပေးသည်။ မိမိတို့နိုင်ငံတွင်လည်း ခရီးသွားရာ၌ ရဟန်းသံဃာများကို ဦးစားပေးလေ့ရှိပါသည်။ သို့သော် မိမိမှာဇနီးနှင့်အတူထိုင်နေသောကြောင့် မိမိကနေရာဖယ်ပေးလျှင်လည်း ရဟန်သံဃာအနေဖြင့် ဝိနည်းတော်အရ အမျိုးသမီးနှင့်ယှဉ်တွဲထိုင်မည်မဟုတ်သောကြောင့်လည်းကောင်း၊ အခြားသူများက နေရာပေးနိုင်သောကြောင့်လည်းကောင်း၊ ထိုင်ခုံများကို နံပါတ်ထိုး၍ရောင်းခြင်းမဟုတ်သောကြောင့် မိမိမှာ ခရီးရှည်သွားသူဖြစ်ပြီး ဘုန်းကြီးမှာလမ်းတွင်ဆင်းသွားပါက အခြားသူတစ်ဦးက နေရာဝင်ယူမည်ဖြစ်၍လည်းကောင်း၊ ဘုန်းကြီးအားနေရာမပေးနိုင်ပါ။ (နေရာပေးလျှင်တော့ ဝိနည်းကိုဘေးချိတ်၍ ဒါယိကာမနှင့် အတူယှဉ်တွဲထိုင်မည့် ဘုန်းကြီးဖြစ်မည်လားတော့ မပြောတတ်ပါ။) ထိုသို့ကလေးကိုဖယ်ပေးရန် ပြောပါများလာသောကြောင့် ကလေးလက်မှတ် သုံးစောင်ကို အိပ်နေသောကလေး၏ခေါင်းရင်းတွင်ချထားပေးလိုက်ရပါသည်။ သည်မျှနှင့် မပြီးသေး၊ကာကီရောင်ဘောင်းဘီရှည်ဝတ်ထားသူနှင့် ၎င်း၏အဖော်တစ်ဦးတို့ မိမိထိုင်ခုံနားသို့ ရောက်လာပြီး "ဘယ်သွားမှာလဲ၊ ဘယ်ကလာတာလဲ" ဟုမေးရာ မိမိကမျက်နှာထားတင်းတင်းဖြင့်ပင် "မင်းကဘာလဲ၊ ဘာလုပ်ဖို့လဲ" ဟု ပြန်မေးတော့ သူက "စစ်ဆေးစရာရှိလို့ပါ" ဟု ပြန်ပြောသည်။"စစ်ဆေးရအောင် မင်းကဘယ်ဌာနကမို့လို့လဲ" ဟု မိမိကပြန်မေးရာ သူကမဖြေတော့ဘဲထွက်သွားပြီး မနီးမဝေးတွင်သူ့အဖော်နှင့် တီးတိုးစကားပြောနေသည်ကို တွေ့ရပါသည်။ နောင်တွင်မှ ဤမီးရထားလမ်းရှိဘူတာများတွင် မည်သူကတာဝန်ပေးထားမှန်းမသိရသော ရှာဖွေရေးအဖွဲ့များရှိကြောင်းသိရှိရပါသည်။ မိမိတို့မိသားစုဝတ်ဆင်ထားသောအဝတ်အစားများမှာ ဤဒေသခံများဝတ်ဝတ်ဆင်သော အဝတ်များနှင့်မတူသဖြင့် မိမိအားမှောင်ခိုစီးပွားရေး
သမားဟုထင်မှတ်ပြီး ငွေညှစ်ရန်စိတ်ကူးဖြင့် လာရောက်
မေးမြန်းခြင်း ဖြစ်ပုံရပါသည်။(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021