နေရပ်စွန့်ခွာထွက်ပြေးသူများပြန်လာရေးအတွက် အဟန့်အတားများရှိနေဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆို

နေရပ်စွန့်ခွာထွက်ပြေးသူများပြန်လာရေးအတွက် အဟန့်အတားများရှိနေဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆို

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ့်သို့ထွက်ခွာသွားသူ များ ပြန်လာရေးအတွက် အတားအဆီးများရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှား မှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရို ဝန်ကြီးအဆင့်အစည်းအဝေး တွင် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်၂၄ ရက်ညပိုင်းက ထုတ်ပြန်သည်။

လိုလားနေ

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လက်ရှိအရေး အကြီးဆုံး ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုမှာ နေရပ်ပြန် လာရေးကို အနှောင့်အယှက်ပေးနေသည့် အဟန့်အတား များကို ဖယ်ရှားရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြောင်း စိစစ်အတည်ပြုနိုင်သူများအားလုံးကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံသဘောတူညီ ချက်များနှင့်အညီ ပြန်လည်လက်ခံသွားရန် မြန်မာနိုင်ငံ အနေဖြင့် အဆင်သင့်ရှိကြောင်း၊ လောလောဆယ်ရင်ဆိုင် နေရသည့် အဓိကအခက်အခဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိ သဘောထားတင်းမာသည့်အုပ်စုက နေရပ် ပြန်လာခြင်းကို အမှန်တကယ်လိုလားခြင်းမရှိဘဲ ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် အောင်မြင်စေရန်နှင့် “safe zone” ထူထောင်နိုင်ရန်အတွက် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဖိအားပေးရေးကိုသာ လိုလားနေခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အဆင်သင့်ရှိ

ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စသည် နက်နဲရှုပ် ထွေးပြီး အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟ ဇာတရှိမှု တည်ဆောက်နိုင်ရန်အတွက် အချိန်နှင့်အခြေ အနေပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် နှစ်နိုင်ငံ သဘောတူ ညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်း ပါဝင်မှုဖြင့် ပြဿနာဖြေရှင်းသွားရန် မြန်မာနိုင်ငံအနေ ဖြင့် အဆင်သင့်ရှိကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မှားယွင်းစွာပုံဖော်

ရခိုင်ပြည်နယ်အရေးကို ဘာသာရေး ပြဿနာတစ် ရပ်အဖြစ် မှားယွင်းစွာပုံဖော်ရေးသား ထုတ်လွှင့်လျက်ရှိ သည့် တစ်ဖက်သတ် သတင်းမီဒီယာ လှုံ့ဆော်မှုများကြောင့် ရခိုင်ပြည်နယ်အရေး၏ မကောင်းသည့်ရှုထောင့်ကိုသာ ကမ္ဘာက အထူးအာရုံစိုက်လျက်ရှိကြောင်း၊ အမှန်စင်စစ် ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှုပြဿနာ တစ်ရပ်မဟုတ်ကြောင်း၊ ထို့ပြင် အကျယ်တဝင့်ချဲ့ကား ပုံဖော်နေကြသကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေခြင်းလည်း မဟုတ်ကြောင်း၊ ယင်းသည် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သော ပုံမှန် မဟုတ်သည့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုမရှိခြင်းတို့ ရောယှက် ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာတစ်ရပ် ပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းခဲ့သည်။

ကိုယ်စားလှယ်များတက်ရောက်

အဆိုပါအစည်းအဝေးတွင် လက်ရှိ ဘက်မလိုက်လှုပ် ရှားမှုဥက္ကဋ္ဌဖြစ်သူ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင် နိုင်ငံပေါင်း ၇၈ နိုင်ငံ၊ လေ့လာသူလေးနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းခုနစ်ခု၊ အထူး ဖိတ်ကြားထား သည့် ဧည့်နိုင်ငံနှစ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး