အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြည်ပ လေ့ကျင့်ခြေစမ်းခရီးထွက်ရန် အခက်အခဲများ နှင့်ကြုံတွေ့ရလျက်ရှိနေကြောင်း သိရသည်။
ပျက်ပြယ်
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ တရုတ်နိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီးထွက် ရန်ပြင်ဆင်ခဲ့သော်လည်း ခြေစမ်းမည့် အသင်း အပြောင်းအလဲဖြစ်ခဲ့ခြင်းကြောင့် ပျက်ပြယ် ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီးထွက်ရန်စီစဉ်ခဲ့သော်လည်း ထိုင်း ဘောလုံးအဖွဲ့ချုပ်က ခြေစမ်းပွဲစီစဉ်ပေးရန် အခက်အခဲများရှိနေ၍ ပျက်ပြယ်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ထပ်မံ၍ တောင်ကိုရီးယားနိုင်ငံသို့ ခြေစမ်းခရီးထွက် ရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့သည်။
ကြိုးစားနေ
"တရုတ်ခြေစမ်းခရီးမှာ Division -1က အသင်းတစ်သင်း၊ Division -2က အသင်း တစ်သင်းနဲ့ တက္ကသိုလ်အသင်းတစ်သင်းနဲ့ ခြေစမ်းပွဲကစားဖို့ သဘောတူထားပေမယ့် အနားကပ်မှ Division -1 နဲ့ ၂ က အသင်း တွေမဟုတ်တော့ပဲနဲ့ ကျောင်းအသင်းတွေနဲ့ ခြေစမ်းရမယ်ဆိုတော့ မသွားဖြစ်တော့ဘူး။ ထိုင်းကလည်း သူတို့အစီအစဉ်ရှိပြီးသားကို ကျွန်တော်တို့ခြေစမ်းမယ့် ကြားဖြတ်အစီ အစဉ်ဝင်လာတော့ မစီစဉ်ပေးနိုင်ဘဲ ပျက်ခဲ့ တယ်။ တောင်ကိုရီးယားကိုလည်း ညှိနှိုင်းခဲ့ပေ မယ့် ပျက်ခဲ့တယ်။ အဖွဲ့ချုပ်ဘက်ကတော့ ခြေစမ်းခရီးအဆင်ပြေဖို့ ကြိုးစားနေပါတယ်" ဟု ဦးဝင်းသူမိုးက ပြောဆိုခဲ့သည်။
၂၀၁၉ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ် သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်၍ မြန်မာအသင်းအတွက်ပြင်ဆင်ချိန် သုံးပတ်ခန့် သာရရှိတော့မည်ဖြစ်သည်။ ယင်းအခြေအနေ နှင့်ပတ်သက်၍ ဦးဝင်းသူမိုးက "တရုတ်ခရီး စဉ်တုန်းက ဇူလိုင် ၂၅ ရက်ကနေ သြဂုတ် ၄ ရက်အထိနေဖို့ စီစဉ်ထားခဲ့ပါတယ်။ အခု နောက်ဆုံးအခြေအနေကတော့ လေ့ကျင့် ခြေစမ်းခရီးကို သြဂုတ် ၁ ရက်ကနေ ၇ ရက် အထိပဲနေတော့မယ်။ အဲဒီရက်အတွင်းရရင် တော့ သွားချင်ပါတယ်။ ၇ ရက်နောက်ပိုင်း သွားရင်တော့ ပြိုင်ပွဲအတွက် ပြင်ဆင်ရတာ အခက်အခဲရှိသွားပြီ"ဟု ၎င်းကရှင်းပြခဲ့သည်။
ရည်မှန်းထား
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် အာဆီယံချန်ပီယံရှစ်အုပ်စုတွင်း၌ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေ ပြီး ဖိုင်နယ်အထိတက်လှမ်းရန် ရည်မှန်းထား သည်။















