အဖျားကြီးနေတဲ့ကလေးကိုအရေးပေါ် ဘယ်လိုပြုစုပေးမလဲ

အဖျားကြီးနေတဲ့ကလေးကိုအရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။ ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။

ဒါပေမယ့် ကလေးငယ်တွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်းပိုနိုင်တယ်။ ကလေးအဖျားတက်လာတာကနေ့ခင်းပိုင်းလိုမျိုးဆိုနီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။

ကလေးဖျားနေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ  
     
ကလေးတွေကလူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကိုစီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။

•    ကလေးကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ် ( ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်) (သို့မဟုတ်) ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများနေမယ်။
•    ကလေးကကိုယ်နွေးနေမယ်။ နဖူးတွေ၊ ကျောတွေနွေးနေမယ်။
•    ပါးလေးတွေ နီနေမယ်။
•    ချွေးတွေ အများကြီးထွက်နေမယ်။
•    မှိန်းနေမယ်။
•    အစာမကြေဖြစ်ပြီးအော့အန်မယ်။
•    ချောင်းဆိုးမယ်။
•    နှာစေးမယ်။
•    နှာချေမယ်။
•    အစားမစားဘဲနေမယ်။

ကလေးငယ်ငယ်လေးတွေကအလွယ်တကူအအေးမိဖျားနာနိုင်ပါတယ်။ ရေချိုးမှားတာ၊ ချွေးနဲ့အအေးပတ်တာ၊ လေအေးတိုက်ခံတာများတာတွေလိုမျိုးအမျိုးမျိုးသောအကြောင်းတွေကြောင့် ဖျားနာနိုင်ပါတယ်။ အိမ်မှာသာမိုမီတာလေးတစ်ခုဝယ်ထားပြီးကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်းအဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။

ကလေးကအဖျားကြီးနေတဲ့အခါ ပြုစုပေးနိုင်မယ့် နည်းလမ်းတွေက                                                                                                  
ကလေးကအဖျားရှိနေပြီဆိုရင် –

•    ကလေးကိုရေခပ်နွေးနွေးလေးနဲ့ ၁၅ မိနစ်လောက်ချိုးပေးတာကအဖျားကျအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
•    အဝတ်အစားတွေကို သက်တောင့်သက်သာဖြစ်အောင်ဝတ်ဆင်ပေးပါ။ အနွေးထည်အထူကြီးဝတ်ပေးတာ၊ စောင်အထူကြီးခြုံပေးတာမျိုးမလုပ်ပါနဲ့။
•    ကလေးကို ရေဓာတ် ပြည့်ဝနေအောင် မိခင်နို့၊ ရေ၊ သစ်သီးဖျော်ရည် အစရှိတာတွေတိုက်ကျွေးပေးပါ။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အချိုရည်တွေကိုတော့ရှောင်ပါ။
•    အာဟာရဖြစ်စေပြီး ကြေလွယ်မယ့်အစားအစာတွေကျွေးမွေးပါ။
•    အရမ်းအပူကြီးလာတယ်ဆိုရင် ရေအေးဝတ်ကပ်ပေးပါ။ ရေပတ်တိုက်ပေးပါ။
•    ကလေးငယ်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အဖျားပျောက်ဆေးတိုက်ပါ။ ကလေးက ဆေးမသောက်နိုင်ဘူးဆိုရင် Tylenol လိုအဖျားပျောက်ဆေးအရည်ကသင့်တော်ပါတယ်။
•    ကလေးကို ပြည့်ပြည့်ဝဝအနားယူနိုင်အောင်လုပ်ဆောင်ပေးပါ။

ဘယ်အချိန်မှာဆရာဝန်နဲ့ပြသမလဲ

ကလေးမှာအခုပြောပြမယ့် အခြေအနေတွေဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
•    ကလေးက အော့အန်နေမယ် ဆက်တိုက်ဖြစ်နေပြီး နုံးချိလာမယ်။
•    ဝမ်းသွားနေမယ်။
•    ခန္ဓာကိုယ်မှာ အနီစက်တွေဖြစ်လာမယ်။
•    တက်မယ်။
•    အဖျားကဆက်ပြီးကြီးနေမယ်။

•     အဖျားကျသွားပေမယ့်လည်းမှိန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် နီးစပ်ရာ ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသတာကအကောင်းဆုံးဖြစ်မှာပါ။ ဒီလိုပြောထားတဲ့လက္ခဏာတွေမဖြစ်လာသေးပေမယ့်လည်းမိဘတွေရဲ့အမြင်မှာစိုးရိမ်စရာကောင်းတဲ့အနေအထားရှိတယ်လို့ ထင်မြင်မိရင် ဆေးရုံဆေးခန်းကို မြန်မြန်ဆန်ဆန်သွားရောက်ပြသသင့်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021