AAစစ်ဦးစီးချုပ်၏ညီအပါအဝင် ကိုးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

AAစစ်ဦးစီးချုပ်၏ညီအပါအဝင် ကိုးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ညီတော်စပ်သူအပါအဝင် ကိုးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ချုပ်ရက်ရမန်ယူ စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိက ပြောသည်။
 

"အမှုစုံစမ်းဖို့အတွက် ရဲက စုံစမ်းတဲ့အဆင့်ပဲရှိပါသေးတယ်။ မရမ်းကုန်းမြို့နယ်ရဲစခန်းက ချုပ်မိန့်တောင်းတာပါ" ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၃) ဦးမင်းသန့်က ပြောသည်။

ရခိုင်အသင်း(စင်ကာပူ)မှ ဥက္ကဌအပါအဝင်ခြောက်ဦးကို AAနှင့်ဆက်နွှယ်သည်ဟုဆိုကာ ဇူလိုင်လ ဒုတိယပတ်တွင် စင်ကာပူနိုင်ငံက နယ်နှင်ဒဏ်ပေးခဲ့သည်။

၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့် ဇူလိုင် ၁၂ ရက်မှစတင်ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။ မူလက ၎င်းတို့ ခြောက်ဦးကိုသာ ဖမ်းဆီးထားသည်ဟု ကြားသိခဲ့ရပြီး ယနေ့ ချုပ်ရက်ရမန်ရယူချိန်တွင် ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုးဦးအထိရှိနေခြင်းဖြစ်သည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများအနက် ကိုအောင်မြတ်ကျော်( AA စစ်ဦးစီးချုပ်နှင့် ညီတော်စပ်သူ)၊ ကိုဟိန်းဇော်( ဥက္ကဌ- ရခိုင်အသင်း(စင်ကာပူ)နှင့် ကိုထွန်းအေးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်သည်။

ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လင်းစိုး၊ ကိုရွှေလှိုင်သန်းနှင့် ကိုအောင်မျိုးဝင်းတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ)(ဂ) တို့ဖြင့် စစ်ဆေးလျက်ရှိသည်။

၎င်းတို့အား တရားလိုပြုလုပ်တိုင်ကြားထားသူမှာ မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့မှ ရဲမှူးတင့်ရွှေဖြစ်ကြောင်း တရားရုံးသတင်းပြန်ကြားရေးအရာရှိက ဆိုသည်။

"အခုချိန်ထိ မိသားစုဝင်တွေ တွေ့ခွင့်မရသေးပါဘူး။ တော်တော်လေး စိတ်ပူနေကြပါတယ်"ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။

မိသားစုများဖြင့် တွေ့ဆုံခွင့်ရရေးကို ကြိုးစားဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအကြိမ်သည် ဒုတိယအကြိ်မ်မြောက် ရမန်ဖြစ်ပြီး ဩဂုတ် ၉ ရက်အထိ ချုပ်နှောင်စစ်ဆေးခွင့်ပြုထားခြင်းဖြစ်သည်။ 

၎င်းတို့အားအမှုဖွင့် စစ်ဆေးနေသည့်ပုဒ်မသည် ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။
 
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး