သီချင်းဆိုသည့်ကိစ္စစကားများရာမှ ဓားဖြင့်ထိုးသဖြင့် တစ်ဦးသေနှစ်ဦးဒဏ်ရာရ

သီချင်းဆိုသည့်ကိစ္စစကားများရာမှ ဓားဖြင့်ထိုးသဖြင့် တစ်ဦးသေနှစ်ဦးဒဏ်ရာရ

ဟင်္သာတမြို့တွင် လုပ်သားအချင်းချင်း သီချင်းဆိုသည့်ကိစ္စစကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသဖြင့် တစ်ဦးသေ နှစ်ဦးဒဏ်ရာရရှိမှု ဇူလိုင် ၂၇ ရက်၌ ဖြစ်ပွားခဲ့သည်။
 

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကနောစု ရပ်ကွက်နေ ဒေါ်ညိုသည် ဇူလိုင် ၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင်နေအိမ်၌ရှိနေစဉ် သားဖြစ်သူ ဖိုးအောင်နှင့် သူငယ်ချင်းများ မီးရထားဘူတာရုံဈေးဆိုင်တန်းတွင် ဓာထိုးခံရကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

သားဖြစ်သူ ဖိုးအောင်တွင် ဝဲချိုင်းအောက်၊ ဝဲရင်အုံ၊ ဝဲဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများရရှိသေဆုံးနေပြီး သားဖြစ်သူ၏သူငယ်ချင်းနှစ်ဦးဖြစ်သူ စန်းမြင့်ကျော်နှင့် အောင်မျိုးထွန်းတို့တွင်လည်း ဓားဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိခဲ့သည်။

ဖိုးအောင်နှင့် ၎င်း၏ သူငယ်ချင်းနှစ်ဦး ဘူတာတွင် ဆိုက်ကားဖြင့် ခရီးသည်စောင့်ဆိုင်းနေစဉ် မိုးရွာနေသဖြင့် သီချင်းဆိုခဲ့ကြသည်။ ထိုသို့သီချင်းဆိုနေစဉ် သန်းတိုးအောင် ၁၉ နှစ်က သီချင်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးရာမှ ဖိုးအောင် သေဆုံးခဲ့ပြီး သူငယ်ချင်းနှစ်ဦး ဓားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဟင်္သာတမြို့မရဲစခန်းက(ပ)၇၆၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။