လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

ဖြစ်ရပ်နမူနာ (၁)

မောင်မောင်ဟာ ပန်ကရိယကင်ဆာဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ သူ့ရောဂါအခြေအနေဟာအတော်လေးဆိုးရွားနေပြီးလပိုင်းခန့်ပဲအသက်ရှင်တော့မယ်လို့ ဆရာဝန်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အဲဒီခန့်မှန်းချက်ကိုမောင်မောင်ရဲ့ မိသားစုဝင်တွေပဲ သိရှိထားပြီးကာယကံရှင်ဖြစ်သူမောင်မောင်တစ်ယောက် လုံးဝမသိပါဘူး။ အခြေအနေဆိုးနေသည့်တိုင် မောင်မောင်ဟာသူ့ရောဂါကိုပျောက်ကင်းအောင်ကုသနိုင်မယ်လို့ ယုံကြည်နေတုန်းပဲ ဖြစ်ပါတယ်။

ဖြစ်ရပ်နမူနာ (၂)

ဒေါ်ချိုဟာဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခြင်းကိုသွားရောက်ပြုလုပ်ပါတယ်။ ကိစ္စတစ်ခုပေါ်လာလို့ ခရီးထွက်သွားတဲ့ ဒေါ်ချိုဟာဆေးရုံကဆေးစစ်ချက်အဖြေတွေကိုသူမနဲ့ ခင်မင်နေတဲ့ မချောကိုလှမ်းပြောပေးဖို့ ဆေးရုံကိုမှာခဲ့ပါတယ်။ ဒေါ်ချိုရဲ့ ညီမဖြစ်သူဒေါ်ပိုကတော့ ဆေးရုံကိုရောက်လာပြီးသူ့ကိုပဲဖွင့်ပြောဖို့ ပြောပါတယ်။


ဒီဥပမာတွေဟာ လူနာတွေရဲ့ ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာကိစ္စတွေကိုကိုင်တွယ်ရာမှာ ကြုံတွေ့ရတဲ့ အငြင်းပွားစရာကိစ္စတွေကိုဖော်ပြထားခြင်းဖြစ်ပါတယ်။

အကယ်၍ အဲဒီဖြစ်ရပ်တွေမှာသင်သာလူနာအနေနဲ့ (သို့) လူနာရဲ့မိသားစုဝင်အနေနဲ့ (သို့) ကျန်းမာရေးစောင့်ရှောက်သူအနေနဲ့ ပါဝင်ကြုံတွေ့ရရင် ဘယ်လိုဆုံးဖြတ်မယ် ထင်ပါသလဲ။

လူနာတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် လိုက်နာရမယ့် နည်းလမ်း (သို့) စည်းမျဉ်းရှိပါသလား။

ဒီအကြောင်းနဲ့ ပတ်သက်ရင်တော့ ၁၉၈၁၊ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၃၄) ကြိမ်မြောက် ကမ္ဘာ့ဆေးပညာဆိုင်ရာညီလာခံကနေလူနာများရဲ့ ရပိုင်ခွင့် (သို့) အခွင့်အရေးနဲ့စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်တချို့ချမှတ်ခဲ့ပါတယ်။ ဒါကိုလစ္စဘွန်းကြေငြာစာတမ်းလို့ သိကြပါတယ်။

အဲဒီကြေငြာစာတမ်းမှာလူနာတွေရဲ့ ရပိုင်ခွင့် (၁၁) ချက်ကိုဖော်ပြထားပြီးသတင်းအချက်အလက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေလည်း (၅) ချက် ပါဝင်ပါတယ်။

Patient’s Right to Information 
အတွက်ကြေငြာချက်ကိုဖော်ပြရမယ်ဆိုရင်-

၁။ လူနာတစ်ဦးဟာသူ့ရဲ့ကျန်းမာရေးအခြေအနေ၊ ဆေးကုသမှုမှတ်တမ်းစတာတွေကိုအပြည့်အဝသိရှိပိုင်ခွင့် ရှိရပါမယ်။ သူ့ရဲ့မှတ်တမ်းမှာတခြားတတိယလူတစ်ဦးဦးရဲ့ အတွင်းရေးအချက်အလက်ပါ ပါဝင်ခဲ့မယ်ဆိုရင်တော့ တတိယလူရဲ့ သဘောတူညီချက်မပါဘဲလူနာဟာသိရှိခွင့်မရှိပါဘူး။

၂။ ခြွင်းချက်အနေနဲ့ လူနာကိုပေးသိမယ့် သတင်းအချက်အလက်ဟာအဲဒီလူနာရဲ့ အသက်နဲ့ ကျန်းမာရေးအခြေအနေကိုဆိုးရွားစွာထိခိုက်သွားစေနိုင်ဖို့ အကြောင်းခိုင်လုံရင်တော့ ပေးမသိဘဲထားနိုင်ပါတယ်။

၃။ လူနာကိုဖွင့်ပြောပြမယ့် အချက်အလက်အကြောင်းအရာဟာလူနာရဲ့ယဉ်ကျေးမှုဓလေ့နဲ့ သင့်တော်ကိုက်ညီပြီးလူနာကကောင်းစွာလက်ခံနားလည်မယ့် နည်းလမ်းနဲ့ ဖွင့်ပြောခြင်း ဖြစ်ရပါမယ်။

၄။ သတင်းအချက်အလက်ဟာတခြားလူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ရင် လူနာအနေနဲ့ သူ့ကိုဖွင့်ဟမပြောပြဖို့ မေတ္တာရပ်ခံပိုင်ခွင့်ရှိပါတယ်။ တစ်နည်းပြောရရင် မသိလိုကမသိဘဲနေနိုင်ပါတယ်။

၅။ လူနာဟာသူ့ကိုယ်စားသတင်းအချက်အလက်တွေ လက်ခံဖို့ ဘယ်သူ့ကိုမဆိုရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ဒါတွေကတော့ လူနာရဲ့ သတင်းအချက်အလက်ဆိုင်ရာရပိုင်ခွင့်တွေ ဖြစ်ပါတယ်။

အလွယ်ပြောရရင် လူနာဟာမိမိကျန်းမာရေးနဲ့ ပတ်သက်ပြီးစစ်ဆေးမှုရလဒ်တွေ၊ ဆေးမှတ်တမ်းတွေ၊ ရောဂါတိုးတက်မှု ဆုတ်ယုတ်မှု အချက်အလက်တွေကိုအလုံးစုံသိရှိပိုင်ခွင့်ရှိပါတယ်။ မသိချင်တဲ့ ဆန္ဒရှိရင်လည်းအဲဒီဆန္ဒကိုလေးစားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့အချက်အလက်တွေကိုသူ့ကိုယ်စားတစ်ယောက်ယောက်ကိုဖွင့်ပြောဖို့ ဆန္ဒရှိရင်လည်းဘယ်သူ့ကိုမဆိုဖွင့်ပြောပြရမှာ ဖြစ်ပါတယ်။

စဉ်းစားရမှာကတော့ လူနာဟာသူသိရမယ့် အချက်အလက်ကိုလက်ခံနိုင်ဖို့ အင်အားရှိရဲ့လားဆိုတာပါပဲ။ လူနာရဲ့အချက်အလက်မှန်သမျှ လူနာကိုပဲပြောရမယ်လို့ တရားသေသဘောမဟုတ်ပါဘူး။

ခြုံပြောရရင် ဒီကြေငြာစာတမ်းဟာလူနာရဲ့အကျိုးစီးပွားအတွက် ဦးစားပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အကယ်၍ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များနဲ့ ပတ်သက်တဲ့ လူနာများရဲ့ရပိုင်ခွင့်နဲ့ ပတ်သက်ပြီးအငြင်းပွားစရာကိစ္စလေးတွေပေါ်လာရင် လစ္စဘွန်းကြေငြာစာတမ်းကိုမိမိတို့ရဲ့ကာလံဒေသံအလိုက် ကိုးကားအသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021