ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ ဦးဆောင်ဆရာတော်များဖြစ်ကြသည့်ဥက္ကဋ္ဌဆရာတော် ဦးတိလောကာဘိဝံသနှင့် ဦးသီလက္ခန္ဓာဘိဝံသတို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဇူလိုင် ၂၉ ရက်(ယနေ့) နံနက်ပိုင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးမည်ဟု ပင့်လျှောက်လွှာလက်ခံ ရရှိကြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို) ဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောပါကက မြန်မာတိုင်းမ်နေ့စဉ်သို့ အတည်ပြုမိန့်ကြားသည်။
"နောက်ဆုံးအကြိမ် ခေါ်ယူဆုံးမသြဝါဒပေးရန်ဆိုတဲ့ ပင့်လျှောက်လွှာ လက်ခံရရှိပါတယ်။ သွားမယ်၊ မသွားဘူးဆိုတာ ဇူလိုင် ၂၉ ရက်ကျသိမှာပေါ့။ ဘာမှတော့ပြောစရာမရှိပါဘူး" ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)ဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက က ဇူလိုင် ၂၈ရက်ညပိုင်းက မိန့်ကြားခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဇူလိုင် ၂၈ရက်က ပေးပို့လိုက်သော ပင့်လျှောက် လွှာအရ လွန်ခဲ့သည့် ဇွန် ၁၆ရက်နှင့် ၁၇ရက် တို့က ကျင်းပခဲ့သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲနှင့် သြဝါဒ ခံယူပွဲကိစ္စနှင့်စပ်လျဉ်း၍ ဇူလိုင် ၂၈ ရက်က ကျင်းပသည့် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပထမအထူးအစည်းအဝေးက အထက်ပါအတိုင်းဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မပျက်မကွက်ကြွရောက်ရန်
အဆိုပါဆရာတော်နှစ်ပါးအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သြဝါဒပေးခြင်း အခမ်းအနားကို မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီးတွင် ဇူလိုင်၂၉ ရက် (ယနေ့)နံနက် ၉ နာရီ၌ပြုလုပ်မည်ဖြစ်၍ မပျက်မကွကြွ်ကရောက်ပါရန်လည်း ယင်းပင့်လျှောက်လွှာ၌ ဖော်ပြပါရှိသည်။















