အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသူ အမျိုးသမီးသေဆုံးခဲ့မှု ဇူလိုင် ၂၈ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံ နေရ သူ အမျိုးသမီးတစ်ဦး သေဆုံးကြောင်းသတင်းအရ အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လတ်နှင့် မြို့နယ် တရားသူကြီး ဦးညီညီထွန်းတို့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ မရမ်းကုန်းမြို့နယ် တရားရုံးမှ ပြည့်တန်ဆာအမှုဖြင့် ဇွန် ၄ ရက်တွင် ထောင်ဒဏ် တစ်နှစ်ချမှတ်ခြင်းခံရသူ ကြည့်မြင်တိုင်မြို့နယ်နေ အသက် ၂၀ အရွယ် အမျိုးသမီးဖြစ်သည်။
၎င်းသည်ပြစ်ဒဏ်ကျခံနေရာမှ ဇူလိုင် ၂၄ရက်တွင် ခုခံအားကျဆင်းရောဂါ၊တီဘီနှင့် အထွေထွေအားနည်းခြင်းတို့ ကြောင့် ထောင်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေစဉ် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ အလောင်းကို ထောင်ဆေးရုံက ပီအာရ် ၁၀ဖြင့်လက်ခံထားပြီး အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၅၅/၁၉)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
















