ပန်းရံသမားကပစ္စည်းခိုးစဉ်လူမိသဖြင့် အိမ်ရှင်လင်မယားဓားထိုးခံရပြီး တစ်ဦးသေဆုံး

ပန်းရံသမားကပစ္စည်းခိုးစဉ်လူမိသဖြင့် အိမ်ရှင်လင်မယားဓားထိုးခံရပြီး တစ်ဦးသေဆုံး

လှိုင်သာယာမြို့နယ်တွင် ပန်းရံသမားကပစ္စည်းခိုးယူစဉ် အိမ်ရှင်လင်မယားအိပ်ရာမှနိုးလာခဲ့ရာ ခိုးယူသူက ဓားဖြင့်ထိုးသဖြင့် အိမ်ရှင်အမျိုးသမီးသေဆုံးမှု ယနေ့ဇူလိုင် ၂၉ ရက်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် လှိုင်သာယာမြို့နယ်နေ ကိုလှမိုးနေအိမ်၌ရှိနေစဉ် တူမဖြစ်သူ မဝင်းသဇင်ထွန်းက အဖေနှင့်အမေ ဓားထိုးခံရကြောင်း ပြောပြသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

ကိုလှဝင်း(၅၀ နှစ်)တွင် ယာဘက်ရင်အုံထိုးသွင်း၊ ယာလက်ဖျံပြတ်ရှ၊ယာပေါင်ပြတ်ရှ၊ ခယ်မဖြစ်သူ မခိုင်မြင့်ထွန်း(၄၅ နှစ်)တွင် ဝမ်းဗိုက်ယာဘက်၊ ဝဲဘက်ခြေသလုံး၊ပြတ်ရှဒဏ်ရာများရရှိထားသဖြင့် လှိုင်သာယာဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် နံနက် ၆ နာရီခန့်တွင် မခိုင်မြင့်ထွန်းမှာ သေဆုံးသွားခဲ့သည်။

သက်ဆိုင်ရာ၏စုံစမ်းချက်အရ ပန်ရံလုပ်ကိုင်သူ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်နေ ရဲနိုင်ထွန်း(၂၈ နှစ်)က ကိုလှဝင်း၏ ဆောက်လက်စ သုံးထပ်တိုက်နေအိမ်တွင်းသို့ ပစ္စည်းဝင်ရောက်ခိုးယူစဉ် အိမ်ရှင်နှစ် ဦးအိပ်ရာမှနိုးသဖြင့် အရိုးအသွား ၁၅ လက်မခန့်ရှိ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်းက မူလဖွင့်လှစ်ထားသည့် (ပ)၂၀၄၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၄၅၂ မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ သို့ပြောင်းလဲ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ရဲနိုင်ထွန်းကို ယနေ့ဇူလိုင် ၂၉ ရက် နံနက် ၅ နာရီ မိနစ် ၂၀ တွင် ဖမ်းဆီးရမိခဲ့သည်။