လေယာဉ်ကွင်းချိန်းအချိန်ကိုတော့ ထုံးစံ အတိုင်း လေယာဉ်ထွက်ချိန်ထက် တစ်နာရီစောပြီး ရောက်အောင်သွားရသည်။ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်အသစ်ကြီးက ခမ်းနားလှသည်။ ဟိုတုန်းက ဒိုမက်စတစ် ပြည်တွင်းထွက်ခွာ အဆောက်အအုံငယ်လေးနှင့် ဘာမျှမဆိုင်။ နိုင်ငံခြားအဆင့်မီသည်ဟု ဆိုနိုင်ပါသည်။
အိပ်စ်ရေးစစ်ဆေး၍ လက်မှတ်လဲပြီးမှ အပေါ် ထပ်တက်လာခဲ့သည်။ မြိတ်လေယာဉ်ဂိတ်ပေါက် က အမှတ်–(၂၅) ဖြစ်၍ အစွန်းဆုံးထိ လျှောက် လာရသည်။ မြိတ်နှင့်ထားဝယ်သွားမည့် ခရီး သွားတွေ အတော်ရောက်နှင့်နေပြီ။ သစ်လွင်သော လေဆိပ်အပေါ်ထပ် ကော်ဇောခင်းထားသည့် အပေါ် လျှောက်လှမ်းလာရင်း "ဒီလိုမှာပေါ့" ဟု ကျိတ်၍သဘောကျမိသည်။
မကြာမီ ထားဝယ်လေယာဉ်ခရီးသည်များ ထွက်သွားသောအခါ လူအတန်ငယ်ရှင်းသွား သည်။ မြိတ်လေယာဉ်ခရီးသည်ကတော့ (ATR-72)၇၂ ယောက်စီးလေယာဉ်အပြည့်ပဲ ဖြစ်သည်။ မြူမရှင်းသေး၍လေယာဉ်က တစ်နာရီ နောက်ကျပြီး ၈ နာရီခွဲမှ ထွက်ရသည်။ တစ်နာရီ ခွဲခန့် စီးလာရသည်။ မြိတ်လေဆိပ်ရောက်တော့ ပြင်ပအပူချိန်က ၂၉ဒီဂရီစင်တီဂရိတ်ဆိုတော့ မြိတ်လည်းပူပြီ။ လေဆိပ်တွင် လာကြိုသော "မာဂွီးပါရာဒိုက်စ်" ခရီးသွားလုပ်ငန်းမှ ကလေးမ ၏ စူဇူကီးအာတီဂါ ကားသစ်ကလေးနှင့်လိုက်ပါလာခဲ့သည်။
တည်းခိုမည့်ဟိုတယ်က ကြယ် သုံးပွင့်အဆင့် ရေကူးကန်နှင့် သာသာယာယာ ရှိသည်။
ရောက်ရောက်ချင်း သတိပြုမိသည်က မြိတ်မြို့ရှိ လမ်းများအားလုံး ကတ္တရာလမ်းများ အပေါက်အပြဲမရှိ ကောင်းမွန်ရုံမျှမက မြို့၏ သန့်ရှင်းနေခြင်းလည်းဖြစ်သည်။ မြိတ်မြို့စည်ပင် သာယာက အတော်နိုင်နင်းတဲ့ သဘောရှိ တယ်နော်ဟု တီးခေါက်ကြည့်မိရာ ဒေသခံ ဧည့်ကြိုက "ဟုတ်တယ် စည်ပင်က တော်တော် အလုပ်လုပ်တယ်။ အမှိုက်လည်း စည်းကမ်းမဲ့ ပစ်လို့မရဘူး။ တိုင်သူရှိရင် ဒဏ်ငွေသိန်းချီရိုက် တယ်လေ" တဲ့။ "ဒီလိုမှပေါ့" ဟု စိတ်ထဲတွင် ထပ်မံကျေနပ်မိရပြန်သည်။ လမ်းအမှတ်အသား များကိုလည်း သစ်လွင်ထင်ရှားစွာ ဆေးသုတ် ရေးဆွဲထားသည်။ ရန်ကုန်မှာလို ဆေးတွေမှိန် ပျောက်နေ၍ ကားသမားစိတ်ညစ်ရခြင်းမျိုး
မရှိနိုင်။ နေ့လယ်စာကို ရွှေနှင်းဆီဆိုင်မှာ ထမင်း စားတော့ ပင်လယ်စာများကို တဝစားရသည်။ ရေခူသုပ်၊ ခုံးဟင်းချို၊ ၎င်းပင်လယ်ခုံးကို ပငိုဟု ခေါ်သည်။ ကင်းမွန်၊ ပြည်ကြီးငါး၊ ပုစွန်အချိုချက်၊ လန်ငိုရွက်ကြော်တို့ဖြင့် အလျှံအပယ် ကျွေးမွေးရာ စား၍မြိန်လှသည်။ လန်ငိုရွက်ကို ပေါလွန်း သဖြင့် အိမ်ရှင်မကချက်ကျွေးလွန်း၍ လင်ကပင် ထိုင်ငိုရသော လင်ငိုရွက်ဟု ဒေသခံတို့က နာမည်ပြောင်ပေးထားသည်။
ညနေပိုင်းလေး မြိတ်ကမ်းနားတစ်လျှောက် ထွက်ကြည့်သည်။ ပထော်နှင့် ပထက်ကျွန်းကြီး များနောက်ခံနှင့် မြိတ်ဆိပ်ကမ်းမှာ ငါးဖမ်းဘုတ်များ အကြီး၊ အလတ်၊ အငယ်အရွယ်စုံတို့ဖြင့် ပြည့်နှက်နေသည်။ ရေလုပ်ငန်း အကြီးအကျယ် ထွန်းကားသည့် မြိတ်မြို့ပါကလား။ အလို .. တချို့ငါးဖမ်းဘုတ်တွေမှာ ဖန်မီးလုံးအကြည်ရောင် စုံတွေ၊ ဘုတ်သင်္ဘောတစ်စင်းလုံး အပြည့်တွဲ လောင်းချိတ်ဆွဲ တပ်ဆင်ထားပါလား။ မီးအလှ ဆင်ထားတာလား။ ဘယ်လိုသင်္ဘောမျိုးပါလိမ့်ဟု မေးကြည့်တော့မှ ကင်းမွန်သီးသန့်ဖမ်းသည့် ဘုတ်တွေဟု သိရ၏။ ကင်းမွန်ဖမ်းလုပ်ငန်းမှာ ကမ်းနီးလုပ်ငန်းဖြစ်သည့်အပြင် ရေအောက် တရွတ်ဆွဲပိုက်များကိုလည်း မသုံးသည့်အတွက် ရေအောက် ဂေဟစနစ်မပျက်စီးစေဘဲ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် ရေလုပ်ငန်းမျိုး ဖြစ်ကြောင်း သိခဲ့ရသည်။ မြိတ်ကမ်းနားလမ်းတွင် ဆီးဗျူးကွန်ဒိုဟု အမည်ရသော ဧရာမကွန်ဒို အမြင့်ကြီး တစ်ခုတည်ဆောက်ပြီးစီးနေသည် ကိုလည်း တွေ့ရ၏။ မြိတ်သည် သဘာဝငှက်သိုက်အာဟာရ ကြောင့်လည်း နာမည်ကျော်ကြားသည်။ ဇီဝဇိုး ငှက်လေးများက မြိတ်မြို့ ကမ်းနားလမ်းရှိ အိမ် တစ်အိမ်တွင် လာရောက်အသိုက် လုပ်နေကြ သဖြင့် ငှက်အန်ဖတ် (ငှက်သိုက်) ဖြင့် စီးပွားဖြစ် ကြောင်း ကြားသိခဲ့ရဖူးသည်။ ယခုအဆိုပါ သဘာဝငှက်သိုက်အိမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုလေ့လာနိုင်ခဲ့ပါသည်။ ဇီဝဇိုး ငှက်လေးများသည် အချိန်တန်လျှင် အိမ်ပြန်လာ သည်။ ပြန်ရောက်လာလျှင်လည်း အသိုက်မှား၍ မဝင် ကိုယ့်အသိုက်ရှိရာသို့ သွား၍ဝင်သည်။ အံ့သြစရာပင် အချို့က အိမ်ဆောက်၍ ဇီဝဇိုး ငှက်ငယ်ကလေးများရောက်လာစေရန် ငှက်အသံ တုထုတ်လွှင့်၍ ငှက်ကိုခေါ်မွေးကြသည်လည်း ရှိသည်။ ငှက်သိုက်စစ်စစ်ကို ဈေးနှုန်းသက်သာ စွာဖြင့် သောက်ခဲ့ရပါသည်။
စင်စစ်ဆရာမြသန်းတင့်၏ "ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီပိုဗေးနှင့် အီကွေတာည များ" ကို မဂ္ဂဇင်းတွင် အခန်းဆက်ဖတ်ခဲ့ရသည့် အချိန်ကတည်းက မြိတ်မြို့ကိုရောက်ချင် နေခဲ့ သည်သာ။ ထိုစဉ်ကာလယခု မြိတ်ကမ်းနားလမ်း ကြီးနေရာသည်ပင်လယ်ရေနေရာဖြစ်ဦးမည်။ မြေဖို့သဲဖို့၍ ကွန်ကရစ်ခင်းလိုက်သောအခါ ယခု တွေ့နေရသော ဖြူးနေသည့် မြိတ်ကမ်းနား လမ်းကြီး ဖြစ်လာသည်ဟု ဆိုပါသည်။ ပထက် ကျွန်းအစပ်ရှိ နာမည်ကျော်လျောင်းတော်မူ ရုပ်ပွားတော်ကြီးကိုလည်း ထင်ရှားစွာ ဖူးမြင် နေရသည့် မြိတ်မြို့ဆိပ်ကမ်းမှာ စည်ကားလှပ သာယာနေတော့သည်။ ညနေခင်းလေးတွင် မြိတ်–ထားဝယ်ကား လမ်းပေါ်ရှိ မြိတ်မြို့အဝ-င် ကျွဲကူး–ကျောက်ဖျာ တံတားရှိရာဘက်သို့ ထွက်လာခဲ့သည်။ တံတား အနီးတွင် ကျွဲကူးမြေပေါ်လွန်းကျင်း (Dry Dock) ကိုတွေ့သည်နှင့် ဝင်ကြည့်ဖြစ်၏။ ပင်လယ်ငါးဖမ်းသင်္ဘောအရွယ်စုံ မြောက်မြားစွာ ရှိသော မြိတ်မြို့တွင် သင်္ဘောကျင်းလုပ်ငန်းသည် မရှိမဖြစ်။ ယခုလွန်းကျင်းမှာ အလတ်စားခန့်ဟု သိရသည်။ အတော်အတန်ကြီးမားသော ပင်လယ်သွားငါးဖမ်းသင်္ဘောကြီးအချို့ အသစ် တည်ဆောက်နေသည်ကို တွေ့ရ၏။ တချို့မှာ လည်း လွန်းတင်ပြင်ဆင်နေဆဲဖြစ်၏။ သင်္ဘော ကိုယ်ထည်မှာ သစ်သားကိုယ်ထည် အများစု ဖြစ်လေသည်။ ဒါလောက်ကြီးတဲ့ သင်္ဘော တစ်စင်းလုံးစာ သစ်တွေကို ဘယ်က ရသလဲဟု စပ်စုကြည့်မိ၏။ ဒီလိုပဲ စုဆောင်းရတာပါပဲ ဟုသာ ဖြေ၏။ ဘယ်ကရသည်ဟု မဆို၊ သံပြား ကိုယ်ထည်နှင့် တည်ဆောက်ဆဲ သင်္ဘောအချို့ ကိုလည်း တွေ့ခဲ့ပါသည်။
ကျွဲကူးတံတားကိုဖြတ်ကာ ကျောက်ဖျာ ဘက်ကမ်းကုန်းအထက်တွင် Welcome to Myeik စာတန်းနှင့် တံတားကို နောက်ခံထားကာ ဓာတ်ပုံအမှတ်တရ ရိုက် နေသူများကိုတွေ့ရသည်။ ရှုခင်းလှသော နေရာဖြစ်ပါ၏။ တပေါင်းလပြည့်နေ့ဖြစ်သောကြောင့် လမ်း တစ်လျှောက် ဘုရားစေတီများတွင်လူများ၊ ဘုရားဖူးကားများနှင့် စည်ကားနေပါသည်။ မြို့ထဲရှိ သိမ်တော်ကြီး စေတီအတက်လမ်း တစ်လျှောက်ဆိုင်တန်းများ အပြည့်ဖြင့် ဗုဒ္ဓ ပူဇနိယဘုရားပွဲ ကျင်းပနေလေသည်။ ရင်ပြင် တော်ပေါ်တွင်လည်း လူကြိတ်ကြိတ်တိုးနေသည်။
ရင်ပြင်ပေါ်မှကြည့်လျှင် အောက်တွင် မြိတ်မြို့မ ဈေးကြီးနှင့် မြိတ်ဆိပ်ကမ်းကို မီးရောင်တလက် လက်နှင့် ညနေဆည်းဆာရှုခင်းကို အလွန် လှပစွာ တွေ့မြင်ရလေသည်။
နာမည်ကျော် မြိတ်ကတ်ကြေးကိုက်၏ အရသာစစ်စစ်ကို မြိတ်ရောက်မှ စွဲလမ်းလောက် အောင် အရသာ ခံစားမိရသည်ဆိုလျှင် လွန်သည် ဟု မဆိုပါနှင့်။ ရန်ကုန်မြို့တွင် မြိတ်ကတ်ကြေး ကိုက် စားဖူးသော်လည်း မစွဲပါ။ မြိတ်ရောက်မှ စားရသော ကတ်ကြေးကိုက်၏ အရသာနှင့် ကွာခြားလွန်းလှပါ၏။ ကွာမှာပေါ့ ပအုံးရည် (ဓနိမှရသောအရည်) ကို အသုံးပြုသည်ကိုး။ လိုက်လံပို့ဆောင်ပေးသော မြိတ်သူကလေးမ လေးကို မြိတ်မြို့အကြောင်း စကားစပ်မိရင်းရုပ်ရှင် လောကမှာ နာမည်ကြီးသည့် မြိတ်သားရုပ်ရှင် ဒါရိုက်တာတစ်ယောက်ရှိသည်။ "ဒါရိုက်တာဘိတ် ကလာတဲ့ ငံပြာရည်" (ကျော်စိုး)ဆိုတာကြား ဖူးလားဟု မေးကြည့်ရာ မကြားဖူးကြောင်းပြန် ဖြေသဖြင့် အံ့သြမိ၏။ ဘွဲ့ရပြီး အသက် ၂၀ ကျော်အရွယ်လူငယ်ကလေးမကို "ယိုးဒယားဝှိုက်" တို့ "အရေးပိုင်မောရစ်ကောလစ်" တို့အကြောင်း ဆက်မပြောမိတော့ပါ။ မေးလျှင်လည်း သိမည် မထင်ပါ။
ညစာကို Classic -စတိုင် "မာဂွီးဒီကစ်ချင်း"တွင် စားဖြစ်သည်။ ပင်လယ်စာများဖြစ်သည့် ငါး၊ ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ခုံးတို့နှင့် အရသာရှိသော မြိတ်ကတ်ကြေးကိုက်ကိုလည်း အလျှံပယ်စားရပါသည်။ နောက်တစ်နေ့ဟိုတယ် နံနက်စာက ၇နာရီ တွင် ရမည်ဆိုသော်လည်း မိနစ် ၂၀ ခန့် လွန် မှ စား၍ရပါသည်။ မြန်မာတွေ အချိန်လေးစားတတ် အောင်ဘယ်သူမှ သင်မပေးတတ်တော့ဘူးလားဟု တွေးမိ၏။ တည်းခိုသောနိုင်ငံခြားသား တချို့ လည်း သည်းခံ၍စောင့်ကာ စားကြရပါ၏။ ဟိုတယ်အနီးအနားတွင် ဘာဆိုင်မှမရှိပါ။ စား သောက်ပြီး လာကြိုသောကားဖြင့် မြိတ်ဆိပ်ကမ်း သို့ဆင်းမည့် အခြားဧည့်သည်နှစ်ဖွဲ့ပါမှ အားလုံး လူတစ်ဒါဇင်လောက်သာရှိ၏။ စီးရမည့် စပိ ဘုတ်က သစ်လွင်သန့်ပြန့်နေ၏။ ၂၇ ဦး စီးဟု ရေးထားသည်။ ရေယာဉ်ဝန်ထမ်းလူငယ် လေးဦးသာပါ၏။ လှေအပြင်ဘက်နံရံတွင် Mergui Dolphin ဟု ရေးထားသော စာတန်း ကို တွေ့မြင်ရသည်။ ရေယာဉ် ဝန်ထမ်းလူငယ် လေးများမှာလည်း ဝတ်စုံဆင်တူ၊ ဦးထုပ်ဆင်တူ နှင့် စနစ်ကျသားဟု သဘောကျမိ၏။ ထိုင်းနိုင်ငံမှ သွင်းလာသော ယင်းစပိဘုတ်မှာ ဖိုင်ဘာ ဂလပ်စ်ဘော်ဒီနှင့် ဖြစ်သည်။ မြင်းကောင် ရေ ၂၅၀ စီ ရှိသော အင်ဂျင်နှစ်လုံးထိုင်ထား၏။ ယင်းအင်ဂျင် တစ်လုံးတန်ဖိုးမှာ သိန်း ၃၀ဝ ကျော်ဖြစ်ရာ စပိဘုတ်တစ်စင်းလုံး တန်ဖိုးမှာ လိုင်စင်ပါ သိန်း ၁ယဝ၀ဝ ကျော်သည်။ အင်းလေး ကန်ထဲတွင် ဂျွန်ဆင်စပိဘုတ် စီးဖူးသော်လည်း ဤမျှမမြန်ပါ။ ယခုစီးရသော စပိဘုတ်မှာ ပင်လယ်ထဲမှာ (ရေမိုင် ၃၆ မိုင်နှုန်းခန့်) မောင်း သည်ကိုပင် ဦးတစ်ပိုင်းလုံးမော့၍ ရှပ်တိုက် ပြေးနေ၏။ မြန်မှမြန်ပင် လှိုင်းငယ်တွေကို တဖျန်းဖျန်းဖြင့် ထိုးခွဲဖြတ်ကျော်သွား၏။ လှေ ပေါ်တွင် စားသောက်ရန် လေးထောင့်ရေခဲပုံး ကြီးတွင် မြိတ်ကတ်ကြေးကိုက်ဘူးများ၊ သစ်သီး များ၊ လိမ္မော်သီး၊ စပျစ်သီး၊ အချိုရည်ဘူးမျိုးစုံ၊ ဘီယာဘူးများ အပြည့်ပါလာ၏။ စကေးနှင့်မဟုတ် ကြိုက်သလောက် စားနိုင်ကြောင်း ပြောပါသည်။ နံနက်ပိုင်းအဆာပြေ ကတ်ကြေးကိုက်များကို ကျွေးပါသည်။ နေ့ခင်းမွန်းလွဲပိုင်းတွင်လည်း ကော်ဖီနှင့် ကိတ်မုန့်မျိုးစုံ ကျွေးဦးမည်ဟု ဆိုပါ သည်။ အမှိုက်များကို အထူးသဖြင့် ပလတ် စတစ်အိတ်၊ ြွကပြွ်ကပ်အိတ် စသည်တို့ကိုပင်လယ်ထဲပစ်မချရန်လည်း အထပ်ထပ်မှာသည်။ အမှိုက်ပစ်ရန် အဖုံးအပိတ်ပါသော ပုံးကိုလည်း ချပေးထားသည်။ ဒေသခံလူငယ်လေးများတွင် ဤသို့ အသိတရားရှိကြခြင်းကို များစွာဝမ်းမြောက် မိသည်။ "ဒီလိုမှပေါ့" ဟူ၍ ထပ်မံကျေနပ်မိ ရပြန်သည်။ ဘုတ်ပေါ်ရောက်သည်နှင့် အသက် ကယ်အင်္ကျီများလူတိုင်းကိုယ်စီ ဝတ်ဆင်ကြရ သည်။
ဒုံးကျွန်းမှာ ကျွန်းကြီးဖြစ်၍ မြိတ်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ စပိဘုတ် ဖြင့် တစ်နာရီခန့်ကြာ သွားရသည်။ မြိတ်ဆိပ်ကမ်းမှ ထွက်ပြီး ကမ်းရိုးတန်းအနီး မစန်းဘားမြစ်ထဲသို့ ဖြတ်မောင်းလာခဲ့ပြီး ပင်လယ်သို့ ထွက်ရာလမ်း တစ်လျှောက်တွင် ဒီရေတောများကို မြင်ရသည်မှာ များစွာအားရစရာကောင်းလှပါသည်။ သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းထားသော မြန်မာ့ ရေမြေအလှတရားမဟုတ်ပါလား။ ကျွန်းပေါင်း ၈၀၄ ကျွန်းရှိသည်ဆိုသော မြိတ်ကျွန်းစုတွင် Virgin Island များစွာရှိပါသည်။ တစ်နာရီခန့် မောင်းလာပြီးနောက် ဒုံးကျွန်းရေတံခွန်ကို ဆိုက် ရောက်သွားသည်။ နွေရာသီဖြစ်၍ ရေကျနည်း သော်လည်း ပင်လယ်ငါးဖမ်းဘုတ်များ အတွက် ရေချိုရရှိနိုင်သည့်နေရာဖြစ်သည်။ ရေချိုလာခပ် နေသော စက်လှေသုံးစင်းခန့်တွေ့ရ၏။ ရေတံခွန် ကျောက်ဆောင်ပေါ်ရှိ သဘာဝရေကန်အတွင်းမှ ရေကိုပန့်ဖြင့်မောင်း၍ လှေပေါ်တွင် အပြည့် တင်လာသော ပလတ်စတစ်ပုံးများထဲသို့ ဖြည့်တင်း နေခြင်းဖြစ်၏။ ဧည့်သည်များက ရေတံခွန် ပေါ်တက်ကြည့်ကြသော်လည်း သောက်ရေခပ် ယူသည့် ရေကန်အတွင်းသို့ ဝင်ရောက်ရေချိုး ခြင်းမျိုး မည်သူမျှ မပြုလုပ်ခဲ့ကြပါ။
ရေတံခွန်မှ ပြန်ထွက်လာပြီး ဒုံးကျွန်းကို ပတ်မောင်းလာခဲ့ရာ တစ်ဖက်ကျွန်းစပ်တွင် ညောင်မှိုင်းအမည်ရှိ ဆလုံရွာကို မြင်တွေ့ရသည်။ ရွာမှာ သိပ်မကြီးပါ။ ဤနေရာတွင် ဆလုံတိုင်းရင်း သားများကို ၎င်းတို့နှစ်သက်သည့် အမည် အရင်းဖြင့် "မော်ကင်း" ဟူသည့်အမည်ဖြင့်သာ ခေါ်ဝေါ်သုံးနှုန်းသွားပါမည်။ ဆလုံဟူသည့် အမည်မှာ ၎င်းတို့ကို နှိမ့်ချခေါ်ဝေါ်သောအမည် ဖြစ်၍ ၎င်းတိို့ မနှစ်သက်ပါ။ မော်ကင်းတို့မှာ ရေတွင်မွေးဖွားကြီးပြင်းလာရပြီး ပင်လယ်ထဲမှာပင် ရတတ်သလို ရှာဖွေစားသောက်ရခြင်းကြောင့် ပိုက်ဆံငွေကြေးသည် ၎င်းတို့အတွက် များစွာ အသုံးမဝင်လှပေ။
၎င်းတို့ လိုအပ်သည့် ဆန်၊ ဆီ၊ ဆား အစရှိသည့်တို့ကို ပစ္စည်းချင်းဖလှယ်ပြီး ရသလောက်နှင့် ရောင့်ရဲတင်းတိမ်ကြ၍ ဆင်းရဲ ကြပါသည်။ ညောင်မှိုင်းရွာကို ရောက်လျှင် မော်ကင်းယောကျာ်းသားများမှာ ပင်လယ်ထွက် နေကြသဖြင့် တွေ့ရမည်မဟုတ်ကြောင်း ကျန်ခဲ့ သည့် အမျိုးသမီးများနှင့် ကလေးများကိုသာ တွေ့ရမည် ဖြစ်ကြောင်း၊ ကလေးများကို မုန့်ပဲသရေစာများ ပေးကမ်း နိုင်ပါကြောင်း၊ သို့ရာတွင် ငွေကြေးကိုမူ လုံးဝမပေးရန်၊ ၎င်းတို့ဓလေ့စရိုက်များကို ဖျက်ဆီးသလိုမျိုး မဖြစ်စေရန် ဒေသခံဧည့်လမ်းညွှန်နှင့် စပိဘုတ်ဝန်ထမ်းများက အထပ်ထပ် မှာကြားထားပြီးဖြစ်ပါသည်။ မော်ကင်း အမျိုးသားများမှာ ရေငုပ်ကျွမ်းကျင်သည်ဆိုသော်လည်း နေ့စဉ်အကြိမ်များစွာ အသက်အောင့်၍ ရေငုပ်ရသော အလုပ်ကြောင့် သက်တမ်းရှည်သူ သိပ်မရှိလှ ကြောင်း သိရပါသည်။
တစ်အိုးတစ်အိမ်စနစ်ကျင့်သုံး၍ မော်ကင်း လူမျိုးစုထဲအရောအနှောမခံဘဲ သီးခြားနေလေ့ရှိကြသည်။ ပညာရေးမရှိ၊ ကျန်းမာရေးနှင့် စီးပွားရေးမှာ နိမ့်ကျဆဲပင် ဖြစ်သည်။ ဧည့်သည်ဘုတ်များ၊ နေ့စဉ်သုံး၊ လေးစင်း ရောက်နေ၍ ကလေးများကတော့မုန့်များကို ပေါများစွာ စားကြရပါသည်။ ညောင်မှိုင်းရွာတွင် အခြားမှ လာရောက် အခြေချစီးပွားရှာသော ကုန်စုံဆိုင်ကလေး နှစ်ဆိုင်၊ သုံးဆိုင်ခန့်တွေ့ရသည်။ ဆိုင်ဖွင့်ထားသော ကရင်မိသားစု ဆိုလျှင် ဤနေရာ၌အခြေချနေသည်မှာ နှစ် ၂၀ ရှိပြီဆို၏။ ၎င်းတို့က အမြင်ကျယ်ပါသည်။ ယခုလို ဧည့်လုပ်ငန်းတွေနှင့် ချိတ်ဆက်၍ ထမင်းဟင်းချက်ပြုတ် တည်ခင်းဧည့်ခံခြင်း ကိုလုပ်ဆောင်ပေးကြသည်။ ကျွေးသော ပင်လယ်စာများမှာ စုံလင်လှသည်။ ရေခူ၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ငါးကြီးကင်၊ ခုံးဟင်းချို၊ ပုစွန်ချက်၊ ပင်လယ် ကဏန်းအုန်းနို့ချက်ကမူ စားလို့ အကောင်းဆုံးဟု ထင်သည်။ စားရတာ အနှစ်အသား ပြည့်ဝ၍ ချိုဆိမ့်လှသည်။ ကျွေးတာလည်း စကေးကိုက် မဟုတ် စား၍မကုန်နိုင်လောက်အောင် အလျှံအပယ် ကျွေးခြင်းဖြစ်သည်။ အုန်းသီးနှင့် အုန်းစိမ်းရည်ကျတော့ တစ်လုံးကျပ် ၁၅၀ဝ ဖြစ်၏။ ဒါကိုတော့ သီးခြားဝယ် သောက်ရသည်။ စီးပွားရေးက ပွင့်လင်းရာသီမှသာ အလုပ်ဖြစ်ကြောင်းဆိုသည်။ မုတ်သုံ ဝင်ပြီဆိုသည်နှင့် ဧည့်သည်လည်း မလာတော့ပြီ။ ပါပန့်ကျွန်း (ခေါ်) စမတ်ကျွန်းမှာ ကျွန်းသေးသေး လေးသာဖြစ်သော်လည်း အတော်လှပါသည်။ ဦးစွာ ကျောက်ကမ်းခြေတွင် ဘုတ်ကို ခေတ္တရပ်ကာ ရေထဲဆင်းပြီး ကမ်းခြေတွင် အနားယူရင်းရေကူးကြသည်။ ရေမှာ ကြည် လင်နေ၏။ ကမ်းခြေတစ်ခုလုံး ပြောင်ချောနေသော ကျောက် ခပ်ပြားပြားအရွယ်မျိုးစုံတို့ဖြင့် ပြည့်လျက်နေသည်။ ဒီကျောက်တွေ ဘယ်လိုများလာချထားပါလိမ့်ဟု ထင်ရ လောက်အောင်လှပသော သဘာဝတရားပင်။ စီးလာသော မော်တော်ဘုတ်က ကျွန်း၏ အခြားတစ်ဖက်ရှိ သဲသောင် ကမ်းခြေဘက်တွင် သွားစောင့်နေမည်ဖြစ်၏။ ရေကူး၍ အားရသောအခါ ကျွန်းပေါ်ရှိ သဘာဝအတိုင်း ရှိနေ သေးသည့် တောအုပ်လေးကို ဖြတ်လျှောက်ကာ ကျွန်း၏ တခြားတစ်ဖက်ဆီသို့ လာခဲ့ကြသည်။ အလိုအံ့ဖွယ် သဲကမ်းခြေပါကလား။ အခုနက ကျောက်ကမ်းခြေနှင့် လုံးဝကွဲပြားခြားနားသော သဲသောင်ပြင်ကမ်းခြေ။ ဤတွင်လည်း ရေကူးခြင်း၊ ကမ်းခြေပေါ်ရှိ သဘာဝကျောက် ဆောင်လိုဏ်ဂူအောက်တွင် အနားယူခြင်းများ ပြုလုပ်ကြ သည်။ စာရေးသူပင် ကျောက်ဆောင် အရိပ်အောက်က ကျောက်ဖျာထက်ပေါ် စက်တော်ခေါ်လိုက်မိသေး၏။ ထို့နောက်မှ ဘုတ်ပေါ် ပြန်တက်ကာ ကျွန်းအနီးရှိရေ အောက် သန္တာကျောက်တန်းရှိရာသို့ မောင်းသွားသည်။ ကမ်းနှင့် မနီးမဝေးတွင်ဘုတ်ကို ကျောက်ချထားလိုက်ပြီး အသင့်ပါလာသော ရေငုပ်မျက်မှန်များကို တပ်ဆင်ကြသည်။ အသက်ရှူပိုက်ကို ပါးစပ်ဖြင့်ငုံ့ကိုက်၍ အသက်ရှူကာ ရေငုပ်မျက်မှန်အောက်မှ လှပဆန်းကြယ်လှသော ရေအောက်ရောင်စုံ သန္တာကျောက်ပန်း ကျောက်ခက်ပုံ သဏ္ဌာန်မျိုးစုံနှင့် ရောင်စုံငါးလေးများမျိုးစုံတို့ဖြင့်ပြီး သော ရေအောက်ပန်းချီကားချပ်ကြီးကို ကြည့်မြင်ရ သည်မှာ မော်တော်ဘုတ်ပေါ်သို့ ပြန်မတက်ချင်လောက် အောင်ပင်ဖြစ်သည်။ အသက်ကယ် အင်္ကျီများ ဝတ်ဆင် ထားသဖြင့် ရေမကူးတတ်သော ကလေးများပင် ရေငုပ် မျက်မှန်တပ်၍ Snorklling လုပ်ခြင်းကိုလည်း ကောင်းစွာ ပြုလုပ်နိုင်ကြသည်။ အန္တရာယ်မရှိအောင်လည်း ရေယာဉ် အဖွဲ့သားများက ဂရုစိုက်ကူညီပေးကြပါသည်။ ရေအောက် သန္တာကျောက်တန်းမှာ ၁၅ ပေမှ ပေ ၂၀ ခန့် အနက်လောက် ရှိမည်ထင်သည်။
သဘာဝဟေဂစနစ် လုံးဝမပျက်မစီး တည်ရှိနေသော ရေအောက်သန္တာကျောက်တန်းပင်ဖြစ် သည်။ ဘုတ်ပေါ်က ဝီစီမှုတ်၍ခေါ်မှပင် ပြန်တက်ခဲ့ ကြကာ မြိတ်မြို့ကို ပြန်လည်ချီတက်ခဲ့ကြတော့သည်။ မြိတ်ရောက်တော့ ပထက်ကျွန်းလျောင်းတော်မူ ရုပ်ပွားတော်ကြီးကို တက်ရောက်ဖူးမြော်ကြရပါသည်။
လျောင်းတော်မူရုပ်ပွားတော်ကြီးမှာ တောင်ဘက်ကို ဦးခေါင်းပြု၍ မြိတ်မြို့ဘက်သို့ မျက်နှာလှည့်ကာ တည်ထား သည့် အလျား ၁၄၄ တောင်ဟု သိရ၏။ ရုပ်ပွားတော် အတွင်းမှာ လိုဏ်ဂူဖြစ်၍ ဗုဒ္ဓဝင်နှင့် မုဒြာအမျိုးမျိုးသော ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားသည်။ မြိတ်မှ ဇက်ရေယာဉ်ဖြင့် ကူးလာသော ဘုရားဖူးကားငယ်များ ကိုလည်း တွေ့ရသည်။ ကားများကို ရုပ်ပွားတော်ကြီး ရှေ့ရင်ပြင်အထိ မောင်းလာနိုင်သည်။ သာယာလှပသော မြိတ်မြို့၏ နှုတ်ဆက်ညစာကို ကမ်းနားရှိ ဒဒပြ နြမ- ါကငဒဒ ဆိုင်အပေါ်ထပ်တွင် စားရင်း မြိတ်ဆိပ်ကမ်း၏အလှမှာနစ်မြောမိသည်ဟုဆိုက လွန်အံ့မထင်ပါ။ နောက်တစ်နေ့ နံနက်ပိုင်းတစ်ပိုင်းလုံး ဈေးဝယ်ရန် အချိန်ရသဖြင့် မြိတ်ဈေးကြီးနှင့် မြိတ်လက်ဆောင်ရေထွက် ပစ္စည်းအရောင်းဆိုင်များသို့ ချီတက်ခဲ့သည်။ ရန်ကုန် ထက်စာလျှင် ဈေးချိုသော မျှင်ငါးပိ၊ ငါးခြောက်၊ ငါးမုန့်၊ ငါးပုပ်ခြောက်တို့မှာ ဝ-ယ်ချင်စရာ၊ အရသာကို စွဲလမ်းနေ ပြီဖြစ်သည့် မြိတ်ကတ်ကြေးကိုက်ကိုလည်း စားခဲ့မိသေး သည်။ ကွဲပြားခြားနားထူးကဲလှသော မြိတ်ကတ်ကြေးကိုက် အရသာကို ခံစားလိုလျှင် မြိတ်မြို့မှာ သွားစားကြည့်ပါဟုသာ ဆိုချင်ပါတော့သည်။ မွန်းလွဲ ၁ နာရီခွဲ ပြန်ထွက် မည့် လေယာဉ်သည်အချိန်မှန်ပါသည်။ မြိတ်ကို နိုင်ငံခြားသား ခရီးသွားများလည်း အတော်လာကြသည်ကိုတွေ့ရသည်။ မြိတ်လေဆိပ်၏ အိမ်သာများက ဒုက္ခပဲဟု တွေးမိသည်။ ရေကမလာ၊ အထဲမှာ သန့်ရှင်းမှု မရှိ၊ နံစော်ညစ်ပတ်နေ ခြင်းက နိုင်ငံနှင့်လူမျိုး၏ ပုံရိပ်ကျဆင်းစေနိုင်သည်ကို သတိ ပြုမိစေချင်သည်။ နိုင်ငံခြားသားခရီးသွားများ အလည် လာကြသည့် မြို့မဟုတ်လား။ လေယာဉ်ပေါ်မှ မြင်တွေ့ရသော တနင်္သာရီ ကမ်းရိုး တန်းတစ်လျှောက် သဘာဝအလှ မပျက်စီးသေးဘဲ လှချင်တိုင်းလှနေသော မြန်မာ့ရေမြေသဘာဝရှုခင်းတို့ကို ကြည့်ရင်း မြန်မာပြည်ကို ချစ်မြတ်နိုးသောစိတ်တို့ တဖွားဖွားဖြစ်ပေါ်လျက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပါကြောင်း။




















