ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများလုံခြုံရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းခဲ့သည့် လက်နက်ကိုင်နှစ်ဦးအား အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ကွတ်ခိုင် မြို့နယ်အတွင်း လက်နက်ကိုင်အချို့က လက်နက်ကြီးများဖြင့် မကြာခဏ နှောင့်ယှက်ပစ်ခတ် လျက်ရှိရာ ဒေသခံပြည်သူများစိုးရိမ်ပူပန်မှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ် မြေလုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တီးမားကျေးရွာ၏ မြောက်ဘက် မီတာ ၁၀ဝ ခန့်နေရာ၌ ညပိုင်းလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ဇူလိုင် ၂၈ ရက် နံနက် ၂ နာရီခွဲခန့်က အဆိုပါနေရာ၏ အရှေ့တောင်ဘက် တောတန်း အတွင်းမှ ဓာတ်မီးဖွင့်ပိတ်ပြုလုပ်၍ မသင်္ကာဖွယ်လူနှစ်ဦး လမ်းလျှောက်လာသည်ကို ကင်း တာဝန်ကျစစ်သည်ကတွေ့ရှိရသဖြင့် ရပ်တန့်ရန် အော်ဟစ်သတိပေးခဲ့ကြောင်း၊ သို့ရာတွင် ရပ်တန့်ခြင်းမရှိဘဲ နောက်သို့လှည့်၍ထွက်ပြေးခဲ့ပြီး ထပ်မံရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်း မရှိ ခြင်းကြောင့် ကင်းတာဝန်ကျစစ်သည်က ၎င်းကိုင်ဆောင်ထားသော လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
အရပ်သားအသွင်ယူ၍စုံစမ်း
အမည်နှင့် နေရပ်(စိစစ်ဆဲ) အသက် (၃၀) ခန့်နှင့် (၃၅) နှစ်ခန့်ရှိ အမျိုးသားနှစ်ဦးအား စစ်စိမ်းရောင်မြေခင်းခြုံလျက် အသေဖမ်းဆီးရမိခဲ့ပြီး ယင်းဖမ်းဆီးရမိသူများကို တီးမား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်စည်၊ ကုန်းဆာကျေးရွာ ဥက္ကဋ္ဌ ဦးစိုင်၊ လုံကာကျေးရွာ ပြည်သူ့ စစ်(ဌာနေ)ခေါင်းဆောင် ဦးချိန်ဟန်မြင့်တို့အားပြသခဲ့ရာ ဒေသခံရွာသားများ မဟုတ်ကြောင်း၊ တီးမားကျေးရွာ၊ တက္ကနိုင်းကျေးရွာ၊ လုံထန်ကျေးရွာ၊ ရှောက်ဟော်ကျေးရွာဝန်းကျင် တစ်ဝိုက် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုများကို နှောင့်ယှက်ပစ်ခတ်ရန် လက်နက်ကိုင်များက အရပ်သားအသွင်ယူ၍ လာရောက်စုံစမ်းထောက်လှမ်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။















