အင်းစိန်မြို့နယ်တွင် မိဘအုပ်ထိန်းမှုအောက်အရွယ်သာရှိသေးသည့် မိန်းကလေးငယ်ကို တစ်တိုက်တည်းနေထိုင်သူ အမျိုးသားက အဓမ္မပြုကျင့်ခဲ့မှုကို သက်ဆိုင်ရာက ဇူလိုင် ၂၉ ရက်တွင် အမှုဖွင့် အရေးယူထားသည်။
ဇူလိုင် ၂၉ ရက် ည ၈ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်သည် နေထိုင်ရာ အိမ်ရာအောက်ထပ်ရှိ ဟင်းသီးဟင်းရွက်ဈေးဆိုင်၌ သံပရာသီးဝယ်ယူပြီးနောက် ငါးလွှာသို့ ဓာတ်လှေကားဖြင့် ပြန်တက်လာစဉ် အိမ်ပေါက်ဝတံခါးအနီးအရောက် တစ်တိုက်တည်းပထမထပ်နေ တင်အောင်မျိုး ၃၇ နှစ် နှင့်တွေ့ခဲ့သည်။
တင်အောင်မျိုးက အမျိုးသမီးငယ်ကို ဓာတ်လှေကားအတွင်းသို့ အတင်းလက်ဆွဲခေါ်ယူခဲ့ပြီး ၄င်းနေထိုင်ရာ ပထမထပ်အိမ်ခန်းသို့ ခေါ်ဆောင်ကာ အခန်းအတွင်း၌ အဓမ္မပြုကျင့်ခဲ့သည်။ထို့နောက်မည်သူ့ကိုမျှမပြောရန်ခြိမ်းခြောက်ပြောဆိုကာ ဓာတ်လှေကားဖြင့် နေထိုင်ရာ ငါးလွှာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
အိမ်သို့ရောက်ရှိနေစဉ် ငိုနေသဖြင့် အဒေါ်ဖြစ်သူက အကျိုးအကြောင်းမေးမြန်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားကာ အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
အင်းစိန်မြို့မရဲစခန်းက(ပ)၁၈၄၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ကျူးလွန်သူကိုဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
















