အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စုအဆင့်မှကျော်ဖြတ်ရန် အစွမ်းကုန်ကြိုးစားမည်ဟု VUC အသင်းပိုင်ရှင်ဦးနိုင်သောင်းထိုက်ဆို

အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စုအဆင့်မှကျော်ဖြတ်ရန် အစွမ်းကုန်ကြိုးစားမည်ဟု VUC အသင်းပိုင်ရှင်ဦးနိုင်သောင်းထိုက်ဆို

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြည်တွင်းကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု VUC အသင်းပိုင်ရှင် ဦးနိုင်သောင်းထိုက်က ပြောဆိုခဲ့သည်။

ရည်မှန်းထား
အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ်၇ရက်မှ ၁၇ရက်အထိ ကျင်းပမည်ဖြစ်ပြီး VUC အသင်းသည် ယင်းပြိုင်ပွဲနှင့်ပတ်သက်၍ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၉ရက် မွန်းလွဲ၁နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗစ်တိုးရီးယားယူနီဗာစီတီကောလိပ်၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ဦးနိုင်သောင်းထိုက်က" ပြိုင်ပွဲအတွက် အသင်းကိုလေ့ကျင့်ပြင်ဆင်လာတာ ကာလတစ်ခုအထိရောက်ရှိလို့လာပါပြီ။ ပြီးခဲ့တဲ့နှစ်ကပြိုင်ပွဲမှာ အတွေ့အကြုံနည်းတာရယ်၊ ပြိုင်ပွဲကျင်းပတဲ့ကွင်းနဲ့ အသားမကျတာတွေရယ်ကြောင့် ရလဒ်မကောင်းခဲ့ဘူး။ ဒီနှစ်မှာတော့ အုပ်စုအဆင့်က ကျော်ဖြတ်နိုင်ဖို့ရည်မှန်းထားတယ်။ အဆင့် ၁၀အတွင်းဝင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ပြောဆိုခဲ့သည်။
ပျက်ပြယ်
ပြီးခဲ့သည့် ရာသီက VUC အသင်းသည် ပြိုင်ပွဲ၌ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး နိုင်ငံအလိုက်ရပ်တည်မှုတွင် အဆင့် ၁၅နေရာ၌ ရပ်တည်ခဲ့သည်။ VUC အသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန်အတွက် ဘရားဇီးနှင့် အီရန်ကစားသမားနှစ်ဦးကို ကာလတိုအငှားခေါ်ယူရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့သည်။ထို့ကြောင့် VUC အသင်းသည် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြည်တွင်းကစားသမားများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ခြေစမ်းပွဲ
VUC အသင်းသည် အာရှဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ဂ)တွင် လက်ဘနွန်ကလပ် ဘီရွတ် ၊ အင်ဒိုနီးရှားကလပ်ဗားမိုစ့် ၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။  VUC အသင်းသည် ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာကာ သြဂုတ် ၅ရက်တွင် ထိုင်းဖူဆယ်ကလပ် KasemBunditအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး