ပေါ်တူဂီအဓိကတိုက်စစ်မှူး စီရိုနယ်ဒို သည် ကစားသမားဘဝ၌ တစ်ဦးချင်းထူးချွန် ဆုများရရှိထားရာ တနင်္လာနေ့က မာကာ အထူးဂုဏ်ပြုဆု ရရှိခဲ့ကြောင်း သိရသည်။
ဂျုဗင်တပ်စ်တိုက်စစ်မှူးလည်းဖြစ်သူ စီရိုနယ်ဒို သည် ကစားသမားဘဝ အောင်မြင်မှုများကြောင့် မာကာအထူးဂုဏ်ပြုဆု လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး မက်ဒရစ်၌ပြုလုပ်ခဲ့သော ဆုပေးပွဲအခမ်း အနားတွင် ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့်လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
စီရိုနယ်ဒိုသည် ဆုပေးပွဲအခမ်းအနား၌ ယင်း ၏ရင်တွင်းခံစားချက်များကို ထုတ်ဖော်ပြောဆို ခဲ့ပြီး မန်ချက်စတာနှင့် မက်ဒရစ်ကို လွမ်းဆွတ် မိကြောင်းလည်း ဝန်ခံခဲ့သည်။
စီရိုနယ်ဒိုသည် မန်ယူနှင့်ရီးရဲလ်မက်ဒရစ် တွင် ပါဝင်ကစားရင်း အောင်မြင်မှုများစွာ ရရှိခဲ့သည့်အပြင် ဘော်လွန်းဒီအော်ဆု ပိုင် ဆိုင်ခဲ့သည်။ ၄င်းသည် ရီးရဲလ်မက်ဒရစ်တွင် ကိုးနှစ်ကြာပါဝင်ကစားခဲ့ပြီး ချန်ပီယံလိဂ်
၄ ကြိမ်နှင့် လာလီဂါဆုဖလားတို့ကို ဆွတ် ခူးခဲ့သည်။
စီရိုနယ်ဒိုက ''ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာခဲ့ရလို့ ကျွန်တော်စိတ်မကောင်းဖြစ်မိ ပါတယ်။ မန်ချက်စတာကိုရော မက်ဒရစ်ကို ပါ ကျွန်တော်လွမ်းဆွတ်မိပါတယ်။ မက်ဒရစ် မှာတော့ ကျွန်တော်ပိုနေခဲ့ရတယ်။ ကျွန်တော့် ကလေးနဲ့ အမျိုးသမီးက မက်ဒရစ်မှာမွေးဖွား ခဲ့တာပါ။ ဒါကြောင့် မက်ဒရစ်ကို ကျွန်တော် ပိုလွမ်းမိပါတယ်။ မက်ဒရစ်မြို့ဟာ တကယ့် မြို့ကြီးပြကြီးပါ။ ကျွန်တော်ခရီးတွေအများကြီး သွားခဲ့ဖူးပါတယ်။ မက်ဒရစ်လိုမြို့ နည်းပါ တယ်။ ရီးရဲလ်မှာကစားရင်း ကျွန်တော်လုပ် ပြနိုင်ခဲ့လို့ ဒီဆုက အများကြီးအဓိပ္ပာယ်ရှိပါ တယ်။ ဒီဆုက စပန်းနစ်ထရိုပီပါ။ ဆုရခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ အောင်မြင်မှုတွေရ ဖို့ ကူညီခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ မက်ဒရစ်ကို ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါ တယ်''ဟု ပြောဆိုခဲ့သည်။
စီရိုနယ်ဒိုက ရာသီသစ်တွင် ဂျုဗင်တပ်စ် အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူး နိုင်မည်လားဆိုသည်ကို မသိရှိသော်လည်း အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။















