အများအားဖြင့် ကျန်းမာရေးအသိပေးထားကြတဲ့ ရာသီတုပ်ကွေးကူးစက်မခံရအောင် ကာကွယ်ရမယ့်အချက်တွေထဲမှာလူစုလူဝေးနဲ့ လူစည်ကားတဲ့နေရာတွေကို ရှောင်ရမယ်ဆိုတာပါတယ်။ ဒါပေမယ့် လူစုလူဝေးများတဲ့နေရာတွေကိုမဖြစ်မနေသွားရတော့မယ်၊ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အရေးကြီးပွဲအခမ်းအနားတွေကိုသွားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
နှာခေါင်းစည်းတပ်ပြီးသွားလိုက်ရင် ဘေးကင်းပြီလား။ မဟုတ်ပါဘူး၊ ဒီလောက်နဲ့မရပါဘူးနော်။ လူတစ်ယောက်နဲ့တစ်ယောက် ရာသီတုပ်ကွေးကူးစက်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါသေးတယ်။
ဘယ်လိုကူးစက်နိုင်သလဲ
ရောဂါရှိနေသူက ချောင်းဆိုး၊ နှာချေလိုုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေမျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကိုကူးစက်ရရှိနိင်ပါတယ်။
လက္ခဏာမပြခင် တစ်ရက်မှာတည်းကကူးစက်ပိုးကို ပြန့်ပွားစေနိုင်စွမ်းရှိနေသလိုလက္ခဏာပြပြီး (၇)ရက်လောက်အတွင်းတခြားသူဆီကူးစက်စေနိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးကသက်မဲ့အရာဝတ္ထုတွေမှာဒါမှမဟုတ် လက်မှာကပ်ငြိရင် မိနစ်ပိုင်းလေးပဲအသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဆက်ပြန့်ပွားဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာဖြစ်နေတယ်။ ဥပမာကိုယ့်ရုံးခန်းထဲကတစ်ယောက်ယောက်နှာချေလိုက်တယ်၊ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ စားပွဲသို့မဟုတ် မျက်နှာပြင်တနေရာရာမှာ နှာရည် သို့မဟုတ် တံတွေးတွေစင်မယ်၊ ဒါကိုထိတွေ့မိရာကလွယ်လွယ်ကူးစက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရာကနေလည်းကိုယ့်လက်ကိုရောဂါပိုးရရှိနိုင်တယ်၊ ကိုယ့်မျက်လုံးပွတ်မိရင်တော့ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။
ကာကွယ်နိုင်မယ့် အဓိက (၅) ချက်
မဖြစ်မနေလူစုဝေးတဲ့ဆီသွားရမှာဆိုတော့ နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ၊ လူများလွန်းတဲ့နေရာတွေ မလိုအပ်ဘဲမသွားပါနဲ့ ဆိုတဲ့အချက်တွေကိုတော့ ဖယ်ထုတ်ရတော့မှာပေါ့။ နှာခေါင်းစည်းတပ်တာအပြင် မမေ့သင့်တဲ့အချက်တွေကတော့ –
(၁) လက်မကြာခဏဆေးပါ။
ရောဂါပိုးတွေရန်ကကာကွယ်နိုင်ဖို့အလွယ်ဆုံးနည်းလမ်းပါ။ ဆပ်ပြာနဲ့ဆေးပါ ဒါမှမဟုတ်ရင် လက်သန့်ဆေးရည်ဆောင်သွားပါ။ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။
(၂) နှာချေချောင်းဆိုးတာထိန်းပါ။
နှာချေချောင်းဆိုးတိုင်းအဝတ်နဲ့အုပ်ဆိုးတဲ့အကျင့်ကိုလုပ်ပါ။ နှာခေါင်းစည်းသုံးလည်းရပါတယ်။ လုံးဝလက်မအားရင် တံတောင်ဆစ်နဲ့ပဲဖြစ်ဖြစ် ကာပြီးဆိုးပါ။ သူများနှာချေတာ၊ ချောင်းဆိုးတာမြင်ရင် မျက်နှာချက်ချင်းလွှဲတတ်အောင်သတိထားပါ။ အားမနာပါနဲ့၊ ရောဂါပိုးကညှာနေမှာမဟုတ်ပါဘူး။
(၃) သန့်ရှင်းမှုကိုဂရုစိုက်ပါ။
သုံးပြီးသားတစ်ရှူးတွေ သေချာစွန့်ပစ်ပါ။ ကားပေါ်ကလက်ကိုင်ကွင်းနဲ့ လက်ကိုင်တန်းတွေ၊ တံခါးလက်ကိုင်တွေစတဲ့ လူပေါင်းစုံထိတွေ့နိုင်တဲ့နေရာတွေကိုထိတွေ့မိရင် လက်သန့်ဆေးရည်ပြန်သုံးပါ။ မလိုအပ်ဘဲဘယ်အသုံးအဆောင်၊ ဘယ်သူ့ကိုမှ မထိတွေ့တာကောင်းပါတယ်။
(၄) မျက်နှာကိုမကိုင်တွယ်ပါနဲ့
နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကိုမလိုအပ်ဘဲမထိမိပါစေနဲ့(virus ပိုးကစားပွဲ၊တယ်လီဖုန်းစတဲ့ မျက်နှာပြင်တွေမှာကောင်းစွာအသက်ရှင်နေနိုင်တာကြောင့်ဖြစ်ပါတယ်။) လက်ကတဆင့် ရောဂါပိုးကူးစက်ရရှိနိုင်ပါတယ်။ မျက်လုံးပွတ်လိုက်၊ လက်သည်းကိုက်လိုက် မလုပ်မိဖို့ သတိထားပါ။
(၅) ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။
အာဟာရပြည့်အောင်စားပါ၊ ပြည့်ဝစွာအနားယူပါ။ ဒီလိုအာဟာရပြည့်အောင် စားသောက်ပြီးကောင်းကောင်းအနားယူမှ ကိုယ်ခံအားကောင်းပြီးရောဂါပိုးကိုထိထိရောက်ရောက်တိုက်ထုတ်နိုင်ပါလိမ့်မယ်။ ကိုယ်ခံအားစနစ်အတွက် လိုအပ်မယ့်အာဟာရဓာတ်တွေရရှိအောင် အသီးအရွက်၊ အသားငါးနဲ့ သီးနှံ၊ အစေ့အဆန်တွေ မျှတအောင်စားပါ။ အိပ်ရေးပျက်မခံပါနဲ့။
ကိုယ့်ဆီကနေသူများကိုမကူးစက်ဖို့အပြင် ကိုယ်အားနည်းနေတဲ့အချိန်မှာတခြားရောဂါပိုးတွေထပ်မဝင်စေဖို့ နှာခေါင်းစည်းတပ်ထားတာလည်း ကောင်းပါတယ်။ အဓိကကတော့ နေမကောင်းဖြစ်နေသူက နှာခေါင်းစည်းအတပ်သင့်ဆုံးပါ။
နောက်တစ်ချက်ကကိုယ့်မှာကိုယ်ခံအားနည်းနေတဲ့အခါမျိုးဆိုကူးစက်ခံရလွယ်နိုင်ပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေ၊ ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ နာတာရှည်မကျန်းမာသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပန်းနာရင်ကျပ်၊နှလုံးတို့လို ရောဂါရှိသူတွေဟာဘယ်တုပ်ကွေးကိုမဆိုကူးစက်ခံရလွယ်တဲ့သူတွေဖြစ်လို့ ပိုသတိထားသင့်ပါတယ်။

















