လိင်စိတ်ပြောင်းနေသူက အမျိုးသားတစ်ဦး၏လည်ပင်းကို ဓားဖြင့်လှီးသတ်

လိင်စိတ်ပြောင်းနေသူက အမျိုးသားတစ်ဦး၏လည်ပင်းကို ဓားဖြင့်လှီးသတ်

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်ရှိ စစ်ကိုင်းစာသင်တိုက်တွင် လိင်စိတ်ပြောင်းနေသူက အမျိုးသားတစ်ဦး၏လည်ပင်းကို ဓားဖြင့်လှီးသတ် ခဲ့မှု ဇူလိုင် ၃၀ ရက်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၃ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်ရှိ စစ်ကိုင်းစာသင်တိုက်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ်နေ ဖိုးအေး (၂၅ နှစ်)ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာကတွေ့ရှိခဲ့သည်။

သေဆုံးသူသည် စစ်ကိုင်းစာသင်တိုက်တွင် ယခင်က ရဟန်းဝတ်ခဲ့ပြီး ဓမ္မာစရိယတန်းကို တက်ရောက်ဖြေဆိုခဲ့ကာ လွန်ခဲ့သည့် လေးနှစ်ခန့်က လူထွက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်သို့ ပြန်၍ အိမ်ထောင်ပြုခဲ့သည်။

သေဆုံးသူနှင့်အတူ ဓမ္မာစရိယတန်းအတူတက်ရောက်ခဲ့သော လိင်စိတ်ပြောင်းလဲနေသည့် ဦးပညာသီရိ(ခ)ကိုဖြိုး (၂၄ နှစ်)က သေဆုံးသူ အိမ်ထောင်ပြုခဲ့သည်ကို မကျေနပ်သဖြင့် အလုပ်အကိုင်ရှာပေးမည်ဟု ပြောဆိုကာ အရာတော်မှ စစ်ကိုင်းစာသင်တိုက်သို့ ပြန်ခေါ်ခဲ့သည်။

ဖိုးအေးအား သတ်ရန်အတွက် သားလှီးဓားကို စံပြဈေး၌ ဇူလိုင် ၂၈ ရက်တွင် သွားရောက်ဝယ်ယူခဲ့ပြီး အိပ်ပျော်နေသည့် ဖိုးအေး၏ လည်ပင်းကို ဓားဖြင့်လှီးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ဦးပညာသီရိ(ခ) ကိုဖြိုး ဝါတော် ၃၀ါ ကို သိက္ခာချလူဝတ်လဲစေပြီး သုဝဏ္ဏနယ်မြေရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။