ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ခိုလှုံနေသော ရခိုင်ပြည်နယ် နေရပ်စွန့်ခွာထွက် ပြေးသူများ ပြန်လာရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန် မြန်မာ အစိုးရကို တောင်းဆိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုက ဒေါ်အောင်ဆန်းစုကြည်နှင့်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောဆို ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ခိုနိုတို့သည် ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မစ္စတာတာရိုခိုနိုက "ဒီနေ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းက အင် မတန်ခက်ခဲတဲ့ အခြေအနေမှာရှိပါတယ်လို့ ပြောကြားခဲ့ပါ တယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေး အကောင်အထည် ဖော်ဖို့ကိုလည်း မြန်မာအစိုးရအနေနဲ့ ဆက်လက်အဆင့်မြှင့် တင်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ဂျပန် အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ အားပေးတိုက်တွန်းသွား မယ်ဆိုတာ ပြောကြားခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
လက်တွဲကြိုးပမ်းသွားမည်
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲ ချက်များကို ဖော်ထုတ်ရန်ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှု ရှိသည့် စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်သွားရန်အရေးကြီး ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဘင်္ဂလားဒေ့ရှ်ဘက်တွင်လည်း စုံစမ်းစစ်ဆေးမှုများဆောင် ရွက်ခွင့်ရရှိရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သဘောတူညီမှုရခဲ့ သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ရခိုင်အရေးဖြေရှင်းရန် မြန်မာ အစိုးရနှင့် လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြော ဆိုခဲ့သည်။
စိန်ခေါ်မှုတစ်ခု
"တစ်ကမ္ဘာလုံးက အာရုံစူးစိုက်နေတဲ့ ကျွန်မတို့ နိုင်ငံရဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ဂျပန်နိုင်ငံက မိတ်ဆွေတစ်ယောက်အနေနဲ့ ကူညီဖြေရှင်းချင် တယ်ဆိုတာကိုလည်း ကျွန်မတို့ ယုံကြည်ပါတယ်။ အဓိက အားဖြင့် နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ သို့သော်ငြားလည်း မိတ်ဆွေများက စေတနာနဲ့ ပြေလည်အောင် ဆောင်ရွက်ပေးချင်တဲ့ ဆန္ဒကိုလည်း ကျွန်မတို့ အလေးထားပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဆက်လက်ကူညီသွားရေး
ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကျိုးတူဆိုင်ရာ ကိစ္စရပ်များ နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၌ ဆက် လက်ကူညီသွားရေး၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်အရေးကိစ္စ တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီသွား ရေးနှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ် မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါနှင့်အတူ ပူးပေါင်းကူညီသွားရေးစသည့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရန် သဘောတူ ထားသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

















