ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ရဲတပ်ဖွဲ့က တာဝန်ယူမှု တာဝန်ခံမှုအပြည့်နှင့်လုပ်ဆောင်ကြရန်နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကသတိပေးထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
" အထူးပြုပြောချင်တာကတော့ သမ္မတကြီးကော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကော ဒီကိစ္စနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးအထူးမှာကြားထားပါတယ်။အဲဒီတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူအနေနဲ့ ဒီအမှုနဲ့ပတ်သက်ရင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝရှိဖို့လိုတယ်ဆိုတာ သတိပေးထားပါတယ်" ဟု ပြောသည်။
သြဂုတ် ၂ရက်ကနေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားသွားခြင်းဖြစ်သည်။
ယင်းအမှု ကိုနေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တရားရုံးတွင် ခုံအဖွဲ့ ဖွဲ့စစ်ဆေးနေပြီဖြစ်ပြီးရုံးချိန်း သုံးချိန်းစစ်ဆေးပြီးကာ လာမည့် သြဂုတ် ၁၄ရက်တွင် လေးကြိမ်မြောက်အဖြစ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။















