ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓာတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓာတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာကအစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာအစားလျှော့စားတိုင်းလည်း ဝိတ်ကျစေတာတော့မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်လေးတွေကိုအားကိုးကြည့်ဖို့ပြောပါရစေနော်။

ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား…..

ဝိတ်ချတယ်ဆိုတာက ပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊ လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာ မေ့ထားလို့မဖြစ်တာကကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝနေစေဖို့ပါ။ ဒါမှလည်းကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။ နောက်တစ်ခုကအချို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကဝိတ်မတက်စေဘဲကျန်းမာရေးနဲ့ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကိုထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။

ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေကဘာတွေဖြစ်မလဲ

ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကိုအထောက်အကူပြုနိုင်မှာပါ။
(၁) ဗီတာမင် B – ဗီတာမင် B ဆိုတဲ့နေရာမှာဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် B1)၊ ရီဗိုဖလာဗင် (ဗီတာမင် B2)၊ နီကာဆင် (ဗီတာမင် B3)၊ pantothenic acid  (ဗီတာမင် B5)၊ pyridoxine (ဗီတာမင် B6)၊ ဘိုင်အိုတင် (ဗီတာမင် B7)၊ ဖောလိတ် (ဗီတာမင် B9)၊ cobalamin (ဗီတာမင် B12) တို့ပါဝင်နေတာပါ။ ဗီတာမင် B အုပ်စုတွေကကိုယ်တွင်းကဇီဝကမ္မလုပ်ငန်းစဉ်တွေကိုအကောင်းဆုံးလုပ်ဆောင်ပေးနိုင်စေပြီးစားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကိုအကောင်းဆုံး ဖြိုခွဲပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုကဝိတ်ကျစေဖို့ အကောင်းဆုံးတွန်းအားပေးနိုင်မှာပါ။

ဘာတွေစားရမလဲ….

ပဲအမျိုးမျိုး၊ ပဲနီလေး၊ နို့၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့အသား၊ အာလူး၊ ငှက်ပျောသီးတို့ကိုစားသုံးပေးသင့်ပါတယ်။

(၂) ဗီတာမင် D – ကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုပေါ့။ ယနေ့ခေတ်မှာလူတော်တော်များများက နေရောင်နဲ့ ထိတွေ့မှုနည်းလာကြပါတယ်။ ဒါကြောင့်လည်းဗီတာမင် D ရရှိဖို့ ခဲယဉ်းလာကြပါတယ်။ ဗီတာမင် D ကိုရရှိနိုင်တဲ့ အဓိကရင်းမြစ်က နေရောင်ခြည်ပါ။ ဗီတာမင် D ရရှိမှုနည်းပါးတာကအဝလွန်စေနိုင်သလိုစိတ်ဓာတ်ကျမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ကိုလုံလောက်စွာရရှိအောင်လုပ်ဆောင်နိုင်မှုကလည်းဝိတ်ကျစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

ဗီတာမင် D ကိုအဓိကရရှိစေနိုင်တာက နေရောင်ခြည်ပါ။ ဒါပေမယ့် ဆာဒင်းငါး၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေကိုစားပေးလို့လည်းရပါတယ်။

(၃) သံဓာတ် – စားလိုက်တဲ့ အစာအာဟာရတွေကိုစွမ်းအင်အဖြစ်ပြောင်းလဲဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်က ခန္ဓာကိုယ်ကဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်ရှိအောင်ပို့ဆောင်ပေးသလို ကြွက်သားတွေဆီကိုလည်း အောက်ဆီဂျင်ကိုပို့ဆောင်ပေးပါတယ်။ သံဓာတ်ရဲ့ နောက်ထပ်အားသာချက်တစ်ခုကအဆီတွေကိုလောင်ကျွမ်းစေနိုင်တာပါပဲ။

အဆီမပါတဲ့ အသား၊ အခွံမာပင်လယ်စာတွေ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်တို့ကိုစားပေးလို့ရပါတယ်။

(၄) မဂ္ဂနီဆီယမ် – ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့့ သတ္တုဓာတ်တစ်မျိုးပေါ့။ သွေးတွင်းသကြားဓာတ်ထိန်းညှိဖို့၊ သွေးပေါင်ချိန်ထိန်းညှိဖို့၊ အရိုးတွေ သန်မာစေဖို့၊ အာရုံကြောစနစ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ကိုမလိုအပ်ဘဲကိုယ်အလေးချိန်မတက်စေဖို့ဆိုရင် ဒီသတ္တုဓာတ်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။

အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ပဲတောင့်ရှည်၊ ဟင်းနုနွယ်လိုမျိုးအစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုစားပေးဖို့လိုပါမယ်။

(၅) ကယ်လ်ဆီယမ် – ငယ်စဉ်ကတည်းကစပြီးအသက်ကြီးတဲ့အထိကယ်လ်ဆီယမ်ကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ ထောက်ပံ့ပေးသလိုကယ်လ်ဆီယမ်ကိုလိုအပ်တဲ့ ပရိုတင်းနဲ့ သင့်တင့်မျှတအောင်စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီတွေကိုအထိရောက်ဆုံးလောင်ကျွမ်းပေးနိုင်မှာအသေအချာပါ။ ကယ်လ်ဆီယမ်ကိုကယ်လ်လိုရီနည်းတဲ့ အစားအသောက်တွေနဲ့ တွဲဖက်စားသုံးပေးမှုက လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓာကိုယ်ကအဆီတွေကိုလောင်ကျွမ်းစေနိုင်မှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချချင်တယ်ဆိုရင် ကယ်လ်ဆီယမ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

(၆) Omega-3 fatty acids – ဝိတ်ကျစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ omega-3 fatty acids က ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားပေးတဲ့အပြင် နှလုံးကျန်းမာအောင် ထောက်ပံ့ပေးပါတယ်။ သွေးကြောလေးတွေကိုကျန်းမာစေနိုင်ပြီး ရောဂါတစ်ခုခုကြောင့် နှလုံးနဲ့ သွေးကြောလေးတွေ ထိခိုက်မှုမဖြစ်အောင်လည်းအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
 

ဆယ်လ်မွန်၊ မက်ကာရယ်၊ ထရောက်ငါး၊ ဆာဒင်း၊ တူနာတို့ကိုစားသုံးပေးလို့ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021