ပြည်ကြီးတံခွန်မြို့နယ်တွင် ဓားပြမှုကျူးလွန်သူခြောက်ဦးကို ဖမ်းဆီး

ပြည်ကြီးတံခွန်မြို့နယ်တွင် ဓားပြမှုကျူးလွန်သူခြောက်ဦးကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ဓားပြမှုကျူးလွန်ခဲ့သူ ခြောက်ဦးကိုရဲတပ်ဖွဲ့က သြဂုတ် ၂ ရက်တွင် ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ နံနက် ၁ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်နေ ဦးစိုးက နေအိမ်တွင် ညီဖြစ်သူ၊ တူ၊ တူမများနှင့်အိပ်နေစဉ် နေအိမ်ခြံဝင်းရှေ့မှ အမည်မသိလူတစ်ဦးက အိမ်ရှင်တို့ဟု အော်နှိုးသဖြင့်နေအိမ်ခြံတံခါးဖွင့်၍ကြည့်ရှုခဲ့သည်။

ဦးစိုးက ခြံဝင်းတံခါးဖွင့်စဉ် မျက်နှာတွင် မျက်နှာဖုံးတပ်၊ဦးထုပ်ဆောင်းထားပြီး လက်ထဲ၌ ဓား၊ လေးခွများကိုင်ဆောင်ထားသည့် လူခုနစ်ဦးကို တွေ့ရှိသဖြင့်နေအိမ်အတွင်းသို့ ဝင်ပြေးခဲ့သည်။

အဆိုပါခုနစ်ဦးက ဦးစိုးကို ဓားဖြင့်ထောက်ကာ ခုံတန်းလျားတွင်ထိုင်ခိုင်းပြီး အိမ်ရှိလူများကိုနှိုးခိုင်းကာ ရွှေနှင့်ငွေများတောင်းခံခဲ့သည်။

ဦးစိုးက စားပွဲအတွင်းမှ ငွေကျပ် ခုနစ်သိန်း၊ တူမဖြစ်သူထံမှ ကျောက်နီ နားကပ် တစ်ရံတို့ကို ပေးခဲ့ရပြီး ခေါင်းဆောင်ဟု ယူဆရသူက နောက်ထပ်ငွေတွေရှိသေးလားဟုမေးရာ မရှိကြောင်းပြောဆိုသဖြင့် နေအိမ်အတွင်းရှိ သေတ္တာသော့များကို ဖျက်ဆီးရှာဖွေခဲ့ကြသည်။

ထို့နောက် စားပွဲပေါ်တင်ထားသည့် လက်တော့ပ်တစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ လေးလုံးတို့ကို ပါလာသည့်အိတ်အတွင်းထည့်၍ယူဆောင်သွားခဲ့သည်။ 

၎င်းတို့ထွက်သွားစဉ် တိုင်ကြားသူက ပတ်ဝန်းကျင်သို့အကူအညီတောင်းခံခဲ့ပြီး ရဲတပ်ဖွဲ့နှင့်အတူ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်းတို့အဖွဲ့ထဲမှ ပုသိမ်ကြီးမြို့နယ်နေ စည်သူဗိုလ် ၁၃ နှစ်၊ မင်းထက် ၂၂ နှစ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ စုစုပေါင်းကျပ် ၂၂ သိန်းဖိုးခန့်ပါရှိသွားသဖြင့် ပြစ်မှုကျူးလွန်သူများကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။

စက်မှုနယ်မြေရဲစခန်းက (ပ)၃၃၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ အရ အမှုဖွင့်ကာ ဆက်လက်စုံစမ်းလျက်ရှိသည်။

သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ဒိဒိုးလေး (၁၈)နှစ်၊ အောင်ဇင်မင်း(၁၇)နှစ်၊ စစ်သိန်းနိုင်(ခ)စစ်ကြီး ၁၈ နှစ်နှင့် ဖိုးသဲ(ခ)ဟိန်းသော်ဦး(ခ) နဂါး ၁၈ နှစ်တို့ကို ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဓားရှည် သုံးချောင်း၊ ဓားမြှောင် နှစ်ချောင်း၊ လေးခွ၊ လောက်စာလုံးနှင့်ဆိုင်ကယ် သုံးစီးတို့ကိုသိမ်းဆည်းရမိခဲ့သည်။ဓားပြတိုက်ယူရာမှ ရရှိခဲ့သည့် ပစ္စည်းများကို ၎င်းတို့ထံမှ သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။