အရက်မူးနေသည့်အဒေါ်က နောက်ပြောင်ရာမှ သုံးနှစ်ကလေး ရေတွင်းထဲပြုတ်ကျသေဆုံး

အရက်မူးနေသည့်အဒေါ်က နောက်ပြောင်ရာမှ သုံးနှစ်ကလေး ရေတွင်းထဲပြုတ်ကျသေဆုံး

မြောင်းမြမြို့နယ်ကုန်းသာကျေးရွာတွင် အရက်မူးနေသည့် အဒေါ်ဖြစ်သူက သုံးနှစ်အရွယ်ကလေးငယ်ကို ရေတွင်းထဲပစ်ချမည်ဟု နောက်ပြောင်ရာမှ ကလေးငယ် ရေတွင်းထဲပြုတ်ကျသေဆုံးခဲ့မှု သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့သည်။
 

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၉ နာရီခန့်တွင် မြောင်းမြမြို့နယ်ကုန်းသာကျေးရွာတောင်ပိုင်းဓမ္မာရာမဘုန်းတော်ကြီးကျောင်းအနောက်ဘက်ရှိရေတွင်းထဲတွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံးကြောင်းသတင်းအရ ဒုရဲအုပ်ဝေလင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူကလေးငယ်မှာ ကုန်းသာရွာတောင်ပိုင်းနေ မ---- ဖြစ်ပြီး နံနက်(၈)နာရီခန့်က အဖွားဖြစ်သူဒေါ်မြင့်ဝင်းက နေအိမ်တွင်မတွေ့သဖြင့် လိုက်လံရှာဖွေရာမှ ရေတွင်းထဲတွင်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အလောင်းကို မြောင်းမြပြည်သူ့ဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ဝ၈၂ ဖြင့် လက်ခံခဲ့သည်။ 

သေဆုံးမှုနှင့်ပတ်သက်၍ ဒုရဲအုပ်ဝေလင်းက စုံစမ်းရာ အရက်မူးလွန်နေသည့် ကလေးငယ်၏အဒေါ်ဖြစ်သူ မအေးအေးလှိုင် က ကလေးငယ်ကို မိခင်ဖြစ်သူထံပို့ပေးမည်ဟုပြောဆိုကာ ကလေးကို ခါးထစ်ခွင်၍ ခေါ်သွားခဲ့ခြင်းဖြစ်သည်။ထို့နောက် ရေတွင်းအနီးသို့ရောက်ချိန်တွင် ရေတွင်းဘောင်ပေါ်မှ ရေတွင်းထဲသို့ပစ်ချလိုက်မည်ဟုသုံးကြိမ် စနောက်ပြောဆိုဟန်ပြပြုလုပ်ရာ ခါးအတွင်းမှ ချော်၍ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

မြောင်းမြမြို့မရဲစခန်းက မအေးအေးလှိုင်(၂၉)နှစ်ကို (ပ)၆၀၆/၁၉ရာဇသတ်ကြီးပုဒ်မ၃၀၄ က အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။